သဘာဝဘေးနဲ့ လူလုပ်ဘေး
အာကာသပုံရိပ်တွေမှာ ဆန်းကြယ်လှပစွာမြင်ရတဲ့ ကမ္ဘာဂြိုလ်ပြာလေးဟာ ရွေ့လျားနေတဲ့အရာတစ်ခုပါပဲ။ အဲ့ဒီရွေ့နေတဲ့ အလုံးကြီးမျက်နှာပြင်မှာ ရွေ့နေတဲ့ကျောက်ပြားတွေရှိပြီး ကျောက်ပြားတွေအပေါ်မှာတစ်ခါ ထပ်ရွေ့နေတဲ့ သက်ရှိတွေကလည်းရှိပြန်ပါတယ်။ ဘဝဆိုတာကိုက ရွေ့လျားမှုဖြစ်စဉ်ကြီးတစ်ခုပဲမလား။ ကမ္ဘာ့ရာသီဥတုအခင်းအကျင်းက ငြိမ်သက်အေးဆေးခဲ့တာတော့မဟုတ်ပါဘူး။ တောက်လျှောက် သဘာဝဘေးတွေနဲ့ ယှဉ်တွဲနေခဲ့ရတယ်။ ကမ္ဘာကြီးဖြစ်ပေါ်လာပုံကိုက သဘာဝဘေးတွေ...
