Podcast For Change

Hosted ByBPN

Podcast For Change အစီစဥ်မှာ တင်ဆက်သွားမှာတွေက တော်လှန်ရေးမဟုတ်သလို၊ ​နိုင်ငံရေးလည်း မဟုတ်ပါဘူး။ လူမှုဘဝကို ရှေးရှုသော အကြောင်းအရာများ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး (၄) နှစ်အတွင်း မြန်မာနိုင်ငံသူ/သားများရဲ့ လူမှု့ဘဝ နိမ့်ပါးလာမှုအပေါ် ဝိုင်းဝန်းအဖြေရှာကြဖို့အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူ၊ အတွေ့အကြုံများပြားသူတွေရဲ့ အကူညီကို ရယူပြီး ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။

အခု Podcast For Change ဆိုတဲ့အစီအစဥ်က တင်ဆက်မယ့်အကြောင်းအရာတွေက Entertainment ဆိုတဲ့ ဖျော်ဖြေရေးသဘောထက် လူမှုရေးနီတိအရ လိုအပ်နေတဲ့ တာဝန်ထမ်းပိုးဖို့ ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ နားဆင်သူများရဲ့ လူမှုဘဝ နိမ့်ပါးယုတ်လျော့လာခြင်း ကပ်ဘေးကို ကျော်လွှားနိုင်ဖို့ တစ်စိတ်တစ်ဒေသ အထောက်ကူပြုနိုင်ရန် BPN က ရည်ရွယ်ထုတ်လွှင့်တာပါ။

သဘာဝဘေးနဲ့ လူလုပ်ဘေး

အာကာသပုံရိပ်တွေမှာ ဆန်းကြယ်လှပစွာမြင်ရတဲ့ ကမ္ဘာဂြိုလ်ပြာလေးဟာ ရွေ့လျားနေတဲ့အရာတစ်ခုပါပဲ။ အဲ့ဒီရွေ့နေတဲ့ အလုံးကြီးမျက်နှာပြင်မှာ ရွေ့နေတဲ့ကျောက်ပြားတွေရှိပြီး ကျောက်ပြားတွေအပေါ်မှာတစ်ခါ ထပ်ရွေ့နေတဲ့ သက်ရှိတွေကလည်းရှိပြန်ပါတယ်။ ဘဝဆိုတာကိုက ရွေ့လျားမှုဖြစ်စဉ်ကြီးတစ်ခုပဲမလား။

ကမ္ဘာ့ရာသီဥတုအခင်းအကျင်းက ငြိမ်သက်အေးဆေးခဲ့တာတော့မဟုတ်ပါဘူး။ တောက်လျှောက် သဘာဝဘေးတွေနဲ့ ယှဉ်တွဲနေခဲ့ရတယ်။ ကမ္ဘာကြီးဖြစ်ပေါ်လာပုံကိုက သဘာဝဘေးတွေ အဆင့်ဆင့်ဖြတ်သန်းလို့ လာခဲ့ရတဲ့ သမိုင်းနောက်ခံရှိကြောင်း ပညာရှင်တွေ သက်သေပြကြတယ်။ အခုဆို သဘာဝဘေးတွေက အကြိမ်ရေပိုစိပ်လာတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဒီကြားထဲ လူသားတွေဖန်တီးလို့ဖြစ်ရတဲ့ လူလုပ်ဘေးတွေက မြွေပူရာကင်းမှောင့်ဖြစ်စေပါတယ်။ သဘာဝကိုပိတ်ဆို့၊ တူးဖော်၊ ပြုပြင်၊ ဖျက်ဆီးကြတဲ့ လူလုပ်ဘေးတွေအပြင် နောက်ထပ်ဘေးတစ်ခုကတော့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲပစ္စည်းတွေရဲ့ဘေး ဖြစ်ပါတယ်။

အခုအပိုင်းမှာ လူလုပ်ဘေးနဲ့ သဘာဝဘေးတို့ ကြုံဆုံလာခဲ့ရင် ဖြစ်နိုင်တဲ့ အကြောင်းအရာတွေကို နားဆင်ကြရမှာပါ။ နဂိုကမှ ဘယ်မှာမြှုပ်ထားမှန်း ရေရေရာရာမသိနိုင်တဲ့ ပေါက်ကွဲပစ္စည်းတွေဟာ ရေဘေး၊ ငလျင်ဘေးတွေကြုံရတဲ့အခါ ပဟေဠိအစစ်ဖြစ်သွားတတ်ပုံနဲ့ သက်ရှိတွေဟာ အန္တရာယ်ဇုန်တွေမှာနေတဲ့အခါ ရှင်သန်ရေးဉာဏ်စဉ် တဖြည်းဖြည်းတက်လာပုံကိုလည်း ရေးဖွဲ့ပြောပြထားပါတယ်။ သဘာဝဘေးကြုံရတဲ့အပြင် ကျေးလက်ဒေသစစ်ရှောင်စခန်းတွေထဲ ရောက်သွားသူ အမျိုးသမီးတစ်ယောက်ရဲ့ သူရောက်ရာအခြေအနေပေါ် တိုးတက်တည်ငြိမ်တဲ့ ရှုမြင်ခံစားချက်များအကြောင်းကို ကြားကြရမှာဖြစ်ပါတယ်။ Wai က ဇာတ်ကြောင်းကို ပြောပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *