BPN Debate Lab

1957 ခုနှစ်က 12 Angry Men ရုပ်ရှင်ဟာ ၉၆ မိနစ်ခန့် ကြာမြင့်ပြီး မိနစ် ၉၀ ကျော်ဟာ အခန်းငယ်တစ်ခုထဲမှာ စကားပြောနေကြတဲ့ လူ ၁၂ ဦးကိုပဲ ရိုက်ပြတာဖြစ်ပါတယ်။ ဒီလူ ၁၂ ဦးဟာ Juries တွေဖြစ်ပြီး (၁၈) နှစ်အရွယ် ကောင်လေးတစ်ယောက် သေဒဏ်ကျခံသင့်/မခံသင့်ကို ဆုံးဖြတ်နေကြခြင်းဖြစ်ပါတယ်။ တစ်ဦးရဲ့ ထင်မြင်ယူဆချက်ကို အခြားတစ်ဦး လက်သင့်ခံနိုင်အောင် ပြောဆို ချေပရင်း Debate ရဲ့ အလှကို သည်းထိတ်ရင်ဖို ပြထားတဲ့ ရုပ်ရှင်တစ်ခုအဖြစ် ဒီနေ့အထိ နာမည်ကြီးနေဆဲရုပ်ရှင်တစ်ခုဖြစ်ပါတယ်။

ယခု BPN Debate Lab အစီစဥ်သည်လည်း Debater 12 ဦးပါဝင်တဲ့ အစီစဥ်တစ်ခုဖြစ်ပါတယ်။ 12 Angry debaters တွေမဟုတ်ကြသော်လည်း အလွန်တက်ကြွတဲ့၊ စကားပြောစွမ်းရည်ပြေပြစ်တဲ့ လူငယ်တွေဖြစ်ပါတယ်။ မပြောမဖြစ်တဲ့ အကြောင်းအရာတွေဖြစ်တဲ့ မြန်မာပြည် လူငယ်များနှင့် ပညာရေးပန်းတိုင် ပျောက်ဆုံးမှု၊ ပညာသင်ယူခွင့်နှင့် အရင်းမြစ် မျှတစွာ မရရှိမှု၊ သမားရိုးကျပညာရေးနှင့် နည်းပညာ အားပြိုင်မှု အစရှိတဲ့ တကယ့်ဘဝထဲက မေးခွန်းများကို ရှုထောင့် အစုံကနေ Debate ပြုလုပ်ခဲ့ကြပြီး Burma Podcast Network မှ Podcast အသွင်ဖြင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ယခုအစီအစဥ်ဖြစ်မြောက်ရန်အတွက် ဥရောပသမဂ္ဂ European Union က ကူညီပံ့ပိုးထားပါတယ်။ လွန်ခဲ့သည့် ၅ နှစ်အတွင်း European Union သည် မြန်မာနိုင်ငံတစ်ဝန်း ပညာရေးအဆင့်အသီးသီးရှိ ကလေးသူငယ်နှင့် လူငယ် ၁.၃ သန်းကျော် ပညာရေး ဆက်လက်ရယူနိုင်ရန်အတွက်လည်း ထောက်ပံ့ကူညီထားပါတယ်။

BPN Debate Lab ရဲ့ ပထမဦးဆုံးသော စကားစစ်ထိုးပွဲ Round-1 ကို Burma Podcast Network ရဲ့ Social media platforms တွေမှာ မကြာခင် နားဆင်ကြရတော့မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ စောင့်မျှော်ကြည့်ရှုပြီး မိမိရဲ့ အတွေးနဲ့ ကိုက်/မကိုက်ကို ဝင်ရောက်ဆွေးနွေးဖို့ ကြိုတင်ဖိတ်ခေါ်လိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *