မြန်မာနိုင်ငံအနေဖြင့် မည်သည့်အရာကို ပိုမိုဦးစားပေးသင့်ပါသလဲ။ စာသင်ခန်းအတွင်းရှိ ကျောင်းသားများအတွက် ပညာရေးအရည်အသွေး မြှင့်တင်ခြင်းလား၊ သို့မဟုတ် ကျောင်းပြင်ပ/ ကျောင်းမတက်နိုင်သူ ကလေးများအတွက် ပညာရေးလက်လှမ်းမီရေးလား? (Round 2)

မြန်မာပြည်ဟာ ဆင်းရဲမွဲတေတဲ့နိုင်ငံဖြစ်တယ်လို့ မျိုးဆက်များစွာက ကြေကွဲဖွယ် လက်ဆင့်ကမ်းပြောနေကြရပါတယ်။ ပြည်တွင်းစစ်ကဆက်ဖြစ်နေတော့ စစ်ဘေးဒုက္ခခံနေကြရသူတွေလည်း များစွာဆက်ရှိနေတယ်။ အလားတူ တစ်ဖက်မှာ နောက်မျိုးဆက်တွေရဲ့အနာဂတ်အလားအလာတွေဟာ မေးခွန်းထုတ် စောကြောဆွေးနွေးစရာကိစ္စကြီးဖြစ်လာပါတယ်။ ပညာရေးစနစ်လား၊ သင်ရိုးလား၊ လက်လှမ်းမီမှုလား၊ အရည်သွေးလား၊ အရေတွက်လား၊ မူဝါဒလား၊ လက်တွေ့လား၊ အရင်းမြစ်ပြဿနာလား၊ ပညာရေးသင်းသတ်ခံရမှုလား စသဖြင့် မြန်မာပြည်ကမှန်ရင်ခေါင်းခဲစဉ်းစားရမယ့်ကိစ္စတွေ အင်မတန်ဖြစ်ပေါ်နေပါတယ်။

ဒီအခြေနေဆိုးမှာ လူ့အဖွဲ့အစည်းအတွက် အစာအာဟာရထောက်ပံ့မှုလိုအပ်သလိုပဲ နှလုံးသားအာဟာရ၊ ဉာဏ်အာဟာရတိုက်ကျွေးဖို့လည်း လိုပါတယ်။ ဒါမှခေတ်ဘယ်လောက်ဆိုးဆိုး ကြိတ်မှိတ်မခံဘဲ ဝေဖန်ဆန်းစစ်နိုင်စွမ်း၊ လမ်းကြောင်းရှာဖောက်ထွက်နိုင်စွမ်းနဲ့ လူ့စရိုက်ရဲ့ ဗိုလ်ကျအနိုင်ကျင့်စော်ကားမှုတွေကို ဖယ်ရှားနိုင်ကြမှာဖြစ်ပါတယ်။ ဒါမှလည်း မကျေနပ်လို့လမ်းပေါ်ထွက်လာတဲ့လူအုပ်ကြီးကို အဆင်ခြင်နတ္ထိသမားတွေက သူခိုးကလူပြန်ဟစ်ပြီး ပညာမဲ့သူတွေလို့ အပုပ်ချနေကြတာကို တန်ပြန်နိုင်ကြမှာဖြစ်ပါတယ်။ တစ်ဦးချင်း၊ တစ်စုချင်း၊ တစ်နိုင်ငံချင်းရဲ့စွမ်းရည်ကိုမြှင့်တင်ပြီး တိုးတက်ရေးကိုရှေ့ရှုနိုင်ကြမှာဖြစ်ပါတယ်။

BPN Debate Lab ရဲ့ Round 1 မှာတုန်းက ကျောင်းတက်နေရတဲ့လူငယ်တွေအနေနဲ့ ရွေးချယ်ရမယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ကြသလို ဒုတိယအချီအနေနဲ့ တိုင်းပြည်အဆင့်စဉ်းစားကြရမယ့်ကိစ္စတွေကို ဖော်ထုတ်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

ပျော်ပွဲရွှင်ပွဲတွေမှာအပြတ်ကဲနေသူတွေ၊ နိုင်ငံကထွက်ပြေးရသူတွေ၊ စစ်ထဲပါသွားကြသူတွေအပြင် ကိုယ့်ဘဝလမ်းကြောင်းနဲ့ တိုင်းပြည်ရဲ့မူဝါဒဆိုင်ရာကိစ္စတွေအထိပြောဆိုနိုင်ကြတဲ့ ပျိုမျစ်နုနယ်ထိုလူငယ်တွေ ရှိသေးတယ်ဆိုတာကို သတိချပ်နိုင်ကြဖို့ ဒီအပိုင်းကို BPN နဲ့ ဥရောပသမဂ္ဂတို့ ပူးပေါင်းထုတ်လုပ်ဖြန့်ချိလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *