Straight Forward

Hosted ByShoon Naing

Straight Forward by Shoon Naing ရွှန်းနိုင် တဲ့တိုး ပြောပြီပေါ့လေ၊ ဒါမှမဟုတ်လည်း တုတ်ထိုး အိုးပေါက် ပြောတတ်သူ ရွှန်းနိုင်ပေါ့။

နာမည်မှာက အရှိန်တစ်ခုပါတယ်လို့ ခံစားမိလိမ့်မယ်။ လူငယ်တွေမှာ အရှိန်တစ်ခုရှိတယ်။ ဒါကို လူငယ်ဖြစ်ဖူးကြတဲ့သူတိုင်း သိကြပါတယ်။ လူငယ်ဘဝမှာ လူကြီးကြိုက်အောင် နေခဲ့သူတွေကတော့ ဒီအရှိန်ကို နားလည်ချင်မှ နားလည်လိမ့်မယ်။ အဲ့အရှိန်ဆိုတာကြီးက မှန်တာ/မှားတာ တရားတာ/မတရားတာ မဟုတ်ဘူး ပြင်းအားသက်သက်ပါပဲ။ လူ့အဖွဲ့အစည်းရဲ့ တံတိုင်းတွေ၊ ချည်နှောင်မှုတွေ၊ သံကွန်ချာတွေကို ဒီအရှိန်နဲ့ပဲ ရုန်းထွက်ကြတယ်။ ရွှန်းနိုင်ရဲ့ Straight Forward Podcast မှာ ဒီအရှိန်တစ်ခုကို ကောင်းကောင်းကြီး ခံစားရမယ်လို့ အာမခံတယ်။

မှန်တာ/မှားတာ တရားတာထက် လူငယ်တွေမှာ ဘဝဓါတ်ခွဲခန်းထဲက အတွေ့အကြုံတွေရှိတယ်။ ဒီအတွေ့အကြုံတွေကို တဲ့တိုးတင်ဆက်သွားမှာကတော့ မြန်မာနိုင်ငံက ကလောင်ထက်တဲ့ သတင်းထောက်တွေထဲက တစ်ဦးဖြစ်သူ ရွှန်းနိုင်ပဲဖြစ်ပါတယ်။ ရွှန်းနိုင်ဟာ နိုင်ငံတကာ သတင်းလောကမှာ ဂုဏ်သိက္ခာမြင့်မားတဲ့ ပူလစ်ဇာဆုရ ရှားပါးအမျိုးသမီးသတင်းထောက်ပါ။ ဒီအစီစဉ်ကို Burma Podcast Network မှ ဂုဏ်ယူစွာ ပူးပေါင်းတင်ဆက်ထားပါတယ်။

တဲ့တိုးပြောမယ့် ရွှန်းနိုင်မိတ်ဆက်

နားထောင်နေကြတဲ့ မိတ်ဆွေတွေ မင်္ဂလာပါ။ ကျွန်မ ရွှန်းနိုင်ပါ။

မူးယစ်ဆေးဝါးလို့ ပြောလိုက်ရင် ငယ်ငယ်က ပညာပေး အစီအစဉ်ပေါင်းများစွာကို ကျွန်မလိုပဲ အသိအာရုံထဲ စွဲနေကြမယ့်သူတွေ များမယ်ထင်တယ်။ မူးယစ်ဆေးဝါး တစ်ခုတည်းမှ မဟုတ်ပါဘူး။ နိုင်ငံပိုင် ရုပ်သံတွေကနေလွှင့်တဲ့ ခေါက်ရိုးကျိုး ပညာပေး အစီအစဉ်တွေ၊ ပြီးတော့ တက်တူးထိုး၍ လက်ဖြတ်လိုက်ရသူ အကြောင်းတို့၊ ငရဲမင်းကြီးနဲ့ တွေ့ခဲ့သူတို့ ဘာညာစတဲ့ ယုတ္တိမရှိတဲ့ ဝါဒဖြန့် ခပ်ပေါပေါ ရုပ်ရှင်တွေနဲ့ ပညာပေးဇာတ်လမ်း အမည်ခံတွေဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းထဲ ပြန့်နှံ့ခဲ့တော့ ကျွန်မတို့မျိုးဆက်နဲ့ ရှေ့မျိုးဆက်အဆက်ဆက်ရဲ့ သိမှုတွေဟာ အကန့်အသတ်တွေနဲ့ ဖြစ်ခဲ့ကြရတယ်။

ကျွန်မရဲ့ ဒီပေါ့ဒ်ကတ်စ်ဟာ ပညာပေးအစီအစဉ် မဟုတ်ပါဘူး။ မူးယစ်ဆေးဝါးရဲ့ တကယ့် အကျိုး၊ အပြစ်တွေကို ပြန်ပြီးမျှဝေပေးမယ့် လူပုဂ္ဂိုလ်တွေရဲ့ တကယ့် ဘဝအဖြစ်အပျက်တွေ အကြောင်းကို အတူတူစကားပြောကြည့်ကြရင်း အတွေးတစ်ခုခုရဖို့သာ ရည်ရွယ်ပါတယ်။ ဒီပေါ့ဒ်ကတ်စ်မှာ မူးယစ်ဆေးဝါးကို နှစ်ခြိုက်စွာ သုံးစွဲသူတွေ၊ ရောင်းဝယ်သူတွေရဲ့ တွေ့ကြုံ ဖြတ်သန်းမှုတွေ၊ ပြောစကားတွေ၊ ခံစားချက်တွေ၊ အတွေးတွေကို တင်ဆက်သွားမှာပါ။ ဒါကြောင့် မေတ္တာရပ်ခံချင်တာကတော့ ဒီအစီအစဉ်ကို စိတ်ဝိညာဉ်ရော၊ နှလုံးသားကိုရော ဖွင့်ပြီးတော့ နားထောင်ပေးစေချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *