Podcast For Change

Hosted ByBPN

Podcast For Change အစီစဥ်မှာ တင်ဆက်သွားမှာတွေက တော်လှန်ရေးမဟုတ်သလို၊ ​နိုင်ငံရေးလည်း မဟုတ်ပါဘူး။ လူမှုဘဝကို ရှေးရှုသော အကြောင်းအရာများ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး (၄) နှစ်အတွင်း မြန်မာနိုင်ငံသူ/သားများရဲ့ လူမှု့ဘဝ နိမ့်ပါးလာမှုအပေါ် ဝိုင်းဝန်းအဖြေရှာကြဖို့အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူ၊ အတွေ့အကြုံများပြားသူတွေရဲ့ အကူညီကို ရယူပြီး ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။

အခု Podcast For Change ဆိုတဲ့အစီအစဥ်က တင်ဆက်မယ့်အကြောင်းအရာတွေက Entertainment ဆိုတဲ့ ဖျော်ဖြေရေးသဘောထက် လူမှုရေးနီတိအရ လိုအပ်နေတဲ့ တာဝန်ထမ်းပိုးဖို့ ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ နားဆင်သူများရဲ့ လူမှုဘဝ နိမ့်ပါးယုတ်လျော့လာခြင်း ကပ်ဘေးကို ကျော်လွှားနိုင်ဖို့ တစ်စိတ်တစ်ဒေသ အထောက်ကူပြုနိုင်ရန် BPN က ရည်ရွယ်ထုတ်လွှင့်တာပါ။

ခွဲခြားမဆက်ဆံတတ်တဲ့ ပေါက်ကွဲပစ္စည်းများအန္တရာယ်

ကမ္ဘာ့လူသားထုရဲ့ ပန်းတိုင်တွေထဲက တစ်ခုက “ခွဲခြားဆက်ဆံမှုကင်းဝေးရေး” လို့ဆိုကြပါတယ်။ လူသားသမိုင်းကိုပြန်ကြည့်ရင် သမိုင်းတင်ကတည်းက ခွဲခြားဆက်ဆံမှုရှိခဲ့တာဆိုတော့ ဒီပန်းတိုင်ရောက်ဖို့ လူတွေရှိသရွေ့ ကြိုးစားကြရမယ့် သဘောရှိတယ်။ ပန်းတိုင်ထားတယ်သာ ပြောတယ် အမျိုး၊ ဘာသာ၊ သာသနာ၊ ဥစ္စာဓန၊ ဂုဏ်ရည်၊ သူ့ဖက်ကိုယ့်ဖက်တွေနဲ့ ရှုပ်ယှက်နေတဲ့လူတွေဟာ လက်နက်ကိုင် စစ်ပွဲတွေမှာတော့ ဆိုင်ရာဖက်ခြမ်းအသီးသီးက လူသတ်လက်နက်ကိုယ်စီသုံးကြပါတယ်။

အဲ့ဒီလက်နက်တွေထဲမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ တန်ချိန်သိန်းသန်းချီ ပါဝင်နေပါတယ်။ လူချင်းချင်းသာခွဲခြားတာရှိမယ် အဲ့ဒီပစ္စည်းတွေကတော့ ဘယ်သူ့ ဘယ်သူကိုမှ ခွဲခြားဆက်ဆံခြင်းမရှိပါဘူး။ ဘယ်သူ့တွက်မဆို အန္တရာယ်အကြီးကြီး ကျရောက်သွားနိုင်ပါတယ်။ ဒီပစ္စည်းတွေရဲ့ အန္တရာယ်ကို ကမ္ဘာအရပ်ရပ်က လူသားတွေ ကာကွယ်တန်ပြန်ဖို့၊ နောက်အသုံးမပြုကြဖို့ ဆော်ဩတိုက်တွန်းနေကြပေမဲ့ လူ့အဖွဲ့အစည်းတွင်း ငြိမ်းချမ်းမှုမရှိတဲ့ ပဋိပက္ခဒေသတွေမှာ နေ့စဉ်အသစ်အသစ်သော မိုင်းနဲ့ပေါက်ကွဲပစ္စည်းတွေ ထောင်နေ၊ သုံးနေ၊ ကြဲချနေကြတုန်းပါပဲ။

ဒီအပိုင်းမှာ ခွဲခြားဆက်ဆံမှုမရှိ အန္တရာယ်ပေးစွမ်းနိုင်စွမ်းမြင့်တဲ့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲပစ္စည်းဆိုင်ရာ သတင်းအချက်အလက်၊ ဆောင်ရန် ရှောင်ရန်တွေကို နားဆင်ကြရမှာဖြစ်ပါတယ်။ နားဆင်ကြသူအပေါင်း “အသက်ကိုဉာဏ်စောင့်” ဆိုတဲ့ ဆိုရိုးနဲ့အညီ ဘေးဒုက္ခအန္တရာယ်တွေကနေ အမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်း စေတနာသန့်သန့်နဲ့ တင်ဆက်လိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *