အပြစ်သားများ
ရုပ်ရှင်အက်ဆေးမိတ်ဆက်
လူတွေရုပ်ရှင်ကြည့်တဲ့အခါ ယေဘုယျအားဖြင့် မျက်လုံးက ဇာတ်ကားကြည့်နေပေမဲ့ စိတ်ကအတွေးဝင်၊ နှလုံးကခံစား အဲ့လိုအချက်အလက်တွေ ကူးလူးသွားလာနေတယ်လို့ ခံစားရပါတယ်။ ကိုယ်ကအဲ့ဖြစ်စဉ်ကြီးကို သိနေတာမျိုးမဟုတ်ဘဲ နာမ်ရုပ်တွေရဲ့ သဘာဝတုန့်ပြန်မှုတွေအရ အရသာခံကြတာမျိုးပါ။ ဇာတ်ကားကပြတဲ့အတိုင်းဆို အကန့်အသတ်ရှိတော့ စိတ်ကလည်း ပြကွက်ကို ချဲ့ထွင်ပုံဖော်ကြရတာ ဖြစ်ပါတယ်။
ရုပ်ရှင်အက်ဆေးအစီအစဉ်ဟာ ရုပ်ရှင်ကပေးတဲ့ရသတွေကို စာရေးဆရာရဲ့ ခံစားရမှုတွေ၊ ဆက်စပ်တွေးခေါ်မှု၊ ယုံကြည်ချက် စသဖြင့် ကိုယ့်ဘဝတစ်ခုနဲ့ ဈာန်ဝင်နှီးနှောပြီး ရေးသားထားတဲ့ အက်ဆေးတွေဖြစ်ပါတယ်။ ရုပ်ရှင်ကားတိုင်းမှာ ကိုယ်တွေရဲ့ဘဝ၊ ပတ်ဝန်းကျင်တွေကို တစ်ကွက်ချင်းဆွဲစေ့ထားတာ နားဆင်ကြရမှာပါ။ ဇာတ်ညွှန်းအားလုံး ၂၀၂၆ မတိုင်မီရေးထားတာချည်းပါပဲ။ BPN ကဒီစာမူတွေကို အသံသရုပ်ဖော်ချက်တွေအနေနဲ့ အကြောင်းအားလျော်စွာ ဖန်တီးခွင့်ရခဲ့ပါတယ်။ ဖန်တီးရာမှာလည်း ပုံမှန်တင်ဆက်နေကျလို အသံတွေနဲ့သာမဟုတ်ဘဲ ရုပ်တွေကိုပါ အတတ်နိုင်ဆုံး ဖြည့်စွက်ထည့်သွင်းပေးထားပါတယ်။ မိတ်ဆွေတို့အနေနဲ့ စာအုပ်တွေဖတ်တဲ့အခါ တချို့စာအုပ်တွေမှာ စာတွေပဲပါတဲ့စာအုပ်၊ စာများများပုံနည်းနည်းစာအုပ်၊ စာနည်းနည်း ပုံများများစာအုပ်တွေ သတိထားမိကြပါလိမ့်မယ်။ အဲ့ဒီဥပမာအတိုင်းဆိုရင် အခုအစီစဉ်က စာများများပုံနည်းနည်းပါတဲ့ စာအုပ်တစ်အုပ်၊ စာတစ်ပုဒ်ကို ဖတ်နေရသလိုဖြစ်မယ်ထင်ပါတယ်။
ရုပ်ရှင်အက်ဆေးတွေကို နားဆင်ပြီး Spoiler ဖြစ်မှာ၊ Recap လိုတောက်လျှောက်ကြီး ဇာတ်ကြောင်းတွေပြောနေမှာ၊ ရုပ်ရှင်နောက်ခံတွေ၊ ဒါရိုက်တာမင်းသားစသဖြင့် ရုပ်ရှင်သင်ခန်းစာတွေ ပို့ချနေမှာကို စိတ်ပူစရာမရှိပါဘူး။ ဒါပေမဲ့ ဒါတွေမပါဘူးလားဆိုတော့လည်း မဆိုစလောက်ပါနေမှာဖြစ်ပါတယ်။ အခုပထမပိုင်းက ကာလံဒေသံကိုက်အောင်၊ အရမ်းလည်းနောက်ကျမနေအောင်လို့ ၂၀၂၅ Sinners ရုပ်ရှင်ကြည့်ပြီးတုန်းက စာရေးဆရာရဲ့ရှုထောင့်တွေကို တင်ဆက်ထားတာဖြစ်ပါတယ်။ မိတ်ဆွေက စစချင်း Blues ဂီတရဲ့သမိုင်းအကျဉ်းကို အရင်ကြားမြင်ရတာနဲ့တင် ရုပ်ရှင်ဂီတ၊ လူမှုရေး၊ အနုပညာဆက်စပ်မှုတွေ ဘယ်လိုဝေဝေဆာဆာပါနိုင်လဲ သိမြင်နိုင်မှာဖြစ်ပါတယ်။ အလားတူ ဇာတ်ကြောင်းပြောပြတင်ဆက်တဲ့ William ရဲ့ နွေးထွေးချိုသာတဲ့အသံကိုလည်း နားအရသာခံရဦးမှာပါ။
အပိုင်းတွေက တိုတဲ့အပိုင်းတိုမယ်၊ ရှည်တဲ့အပိုင်းရှည်မယ်။ ထို့အတူ ခံစားချက်ကလည်း အတိုအရှည်ရှိ ပါလိမ့်မယ်။ အစပိုင်းက တခြားရုပ်ရှင်တွေအကြောင်းပြောထားတဲ့အပိုင်းတွေနဲ့ စတင်မယ်စိတ်ကူးကြပေမဲ့ Sinner လို အရမ်းခဲရာခဲဆစ်မဟုတ်တဲ့ ရုပ်ရှင်တစ်ကားနဲ့ပဲ အစပြုလိုက်ပါတယ်။ စာရေးဆရာက Blues ဂီတတွေ၊ ကမ္ဘာ့ရေးရာတွေရေးသားထားပေမဲ့ BPN ရဲ့အယ်ဒီတာကတော့ Action ကား (တစ်နည်း သိုင်းကား) ဖြစ်တာရယ်၊ သွေးစုပ်ဖုတ်ကောင်သွေးထွက်သံယို Horror ဖြစ်တာရယ်၊ Hailee Steinfeld ပါတာနဲ့တင် တန်နေပြီလို့ မှတ်ချက်ပြုတယ်ဆိုပဲဗျား။
ဇာတ်ညွှန်း MYP
ဇာတ်ကြောင်းတင်ပြ William
ထုတ်လုပ်ဖန်တီး BPN