ညိုကီFM

Hosted BySammy

လွတ်လပ်စွာ နှီးနှောဖလှယ်ခွင့်၊ ​စကားပြောခွင့်များ ထွန်းကားခဲ့တဲ့ မြန်မာပြည်ရဲ့ ရှားပါး ခုနှစ်တွေကို ပြန်တမ်းတပြီး ဒီ Podcast ပေါ်ပေါက်လာတာဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်၊​ ဘီယာဆိုင်၊ ​ညကြီးပိုင်းထမင်းကြော်ဆိုင်တွေမှာ၊ နောက်ဆုံး တက္ကစီစီးရင်း ကားပိတ်တုန်း အာထုကြတဲ့ မမောတမ်း အဖြေရှာနေကြတဲ့ လူငယ်၊ လူလတ်၊ လူကြီးတွေဟာ ညိုကီတွေပါပဲ။

ညိုကီ FM ကနေ မိတ်ဆွေတို့ ဘာရမလဲ​? ဘီယာဆိုင်အခြေပြု စကားဝိုင်းတွေရဲ့ အရသာ ဒါမှမဟုတ်လည်း ​သူငယ်ချင်းဓာတ် ရပါလိမ့်မယ်။ အထူးသဖြင့် နယ်ပယ်အစုံက အမျိုးသားတွေစုပြီး ပြောကြတဲ့ စကားဝိုင်းဖြစ်လို့ ညီကို/ညိုကီတို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံ၊ ပျော်စရာ၊ ​လွမ်းစရာ၊ ​စိတ်ညစ်စရာ ပြဿနာအထွေထွေအဖုံဖုံတို့ကို နိစ္စဓူဝ စကားဝိုင်းပမာ တင်ဆက်သွားမှာဖြစ်လို့ နားဆင်ကြပါဦးခင်ဗျာ။

ပွဲတိုင်းမပါမဖြစ်တဲ့ စီနီယာ အကိုကြီး ဖရန်ကီ၊ ရခိုင်ပြည်ဖွား ဂျစ်ကန်ကန် ပညာတတ် မိတ်ဆွေ ဘရက်ဒလေ၊ မြောက်ဥက္ကလာသား ဂျလေဘီ မောင်ဆန်မီ တို့က အဓိကပါဝင်ပြီး အခြားအခြားသော ခင်မင် အတုယူဖွယ် ညိုကီများကို ဖိတ်ခေါ်တင်ဆက်သွားမှာ ဖြစ်တဲ့အကြောင်းလဲ ကြိုတင်မိတ်ဆက်လိုက်ရပါတယ်ဗျို့။

Burma Podcast Network ရဲ့ Podcast Show အသစ် “ညိုကီ FM” ဖြစ်ပါတယ်။

Happy Old Years

ညိုကီ FM အပိုင်း-၄ လာပါပြီခင်ဗျာ။ တကူးတက မမျှော်နေကြပေမဲ့လည်း တာဝန်သိစွာ တင်ဆက်လိုက်ပါတယ်။

Brad က စာကို မဖြစ်မနေ ဖတ်နေရပြီး အားကစားလုပ်ရတာ ခုံမင်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ Sammy က တောထဲရောက်လိုက် မြို့ပေါ်ရောက်လိုက်နဲ့ နောက်ဆုံးအိမ်ထောင်ကျသွားတဲ့ တံငါသည်တစ်ပိုင်း Podcaster၊ Frankie ကတော့ ကျန်းမာရေးလိုက်စားတာနဲ့ ညီမျှအောင် ပြန်သောင်းကျန်းတတ်တဲ့ ဘဝအတွေ့ကြုံများတဲ့ လူလတ်ပိုင်းမိတ်ဆွေတစ်ယောက်ပေါ့။

ဒီလူသုံးယောက်ဆုံပြီဆိုရင် စကားဝိုင်းတစ်ခုက မနက် ၃ နာရီအထိ ပြောကြဆိုကြ၊​ ထောက်ခံကြ၊ ငြင်းခုန်ကြ၊ နားထောင်ကြနဲ့ နောက်တစ်နေ့ မိုးလင်းမှ အမှားပါရင် စိတ်မရှိဖို့ ဖုန်းဆက်ပြီး တောင်းပန်ကြတာက ဖြစ်ရိုးဖြစ်စဥ် တစ်ခုလိုပါပဲ။

နှစ်သစ်ကူး Jan မှာ Brad က Happy Old Year ဆိုပြီး နှစ်သစ်ကူး Resolution တွေ အလုပ်ဖြစ်မဖြစ် ပြောချင်တယ် ဆိုတာနဲ့ လူစုကြ ပုလင်းတစ်လုံးဝယ်ပြီး အသံသွင်းဖို့နေရာကို ဒိုးကြပါတယ်။ မိုက်ဖွင့်ပြီးတာနဲ့ ပြောလိုက်ကြတာ ပြောရတာကနေ ပျော်သွားတော့ Edit မဆက်ဖြစ်ဘဲ ၄ လပိုင်းအကုန်မှ မြန်မာနှစ်သစ်ကူးနဲ့ရောချပြီး ဒီအပိုင်း ၄ ကို မိတ်ဆွေတို့ဆီ အရောက်ပို့လိုက်ခြင်းဖြစ်ပါတယ်။ အပိုင်း ၅ ကလည်း အသံသွင်းပြီးသားမို့ မကြာမီ လာပါမည်ဗျာ။ နားထောင်သူမိတ်ဆွေများ စိတ်အခန့်မသင့်ရှိခဲ့သော် ညိုကီတစ်သိုက်ကို အပြစ်မမြင် ချစ်စိတ်ဝင်ပြီး နားလည်ပေးကြပါဦး။

ခင်မင်စွာဖြင့်
ညိုကီများ

Leave a Reply

Your email address will not be published. Required fields are marked *