လမ်းထိပ်က နတ်ကန္နားပွဲ
မြန်မာတွေမှာ ဆိုင်းသံကြားတာနဲ့ မရိုးမရွဖြစ်တတ်တဲ့ ဗီဇဓလေ့ရှိတယ်။ နတ်ဆိုင်း၊ ဗလာဆိုင်း၊ ဇာတ်ဆိုင်း၊ အငြိမ့်ဆိုင်း၊ ရုပ်သေးဆိုင်း ဘာဆိုင်းဖြစ်ဖြစ်အသံကြားတာနဲ့ကို ခေါင်းတပြူပြူ ခြေတစ်လှုပ်လှုပ်ဖြစ်ကြတာပဲ။ မားကတ်တင်းအနေနဲ့လည်း များများစားစားမလိုပါဘူး။ ဆိုင်းတခြိမ့်ခြိမ့်နဲ့ဆို လူက အလျိုလျိုရောက်လာပြီးသား။ အထူးသဖြင့် နတ်ပွဲလိုမျိုး နတ်ဒိုးအယိုင်အမြင့်တွေ၊ ခုနှစ်သံချီတွေကို တီးခတ်သီဆိုနေကြတဲ့အခါ လူက နားထင်သွေးရောက်ပြီး ကြက်သီးထသလိုလို ပျော်သလိုလို မြူးထူးခုန်ဆွဖြစ်စေတော့တာ။ သူ့တီးချင်းတီးချက်တွေကိုက တခြားဆိုင်းတွေထက် ပိုပြီးမြိုင်ဆိုင်ကျယ်လောင်တယ်လေ။
ဒီအပိုင်းမှာ ရပ်ကွက်ထဲမှာလာလုပ်တဲ့ နတ်ပွဲအသံကြောင့် မနေနိုင် မထိုင်နိုင် ပြုံးစိစိနဲ့ စနည်းသွားနာတဲ့ အကြောင်းကို နားဆင်ကြရမှာဖြစ်ပါတယ်။ ဓလေ့ထုံးတမ်းတွေပေါ် တစ်ထစ်ချမရှိ၊ အာရုံနောက်စက်ဆုပ်တဲ့ ပစ္စက္ခစာရေးဆရာတစ်ယောက်ရဲ့ နတ်ပွဲထဲမှာပျော်ဝင်တွေးခေါ်နေတဲ့ ခံစားမှုအက်ဆေးတစ်ပုဒ်ကို ကြည်နူးနိုင်ပါပြီ။ အာဏာမသိမ်းခင် တစ်နှစ်တိတိက ရေးခဲ့တဲ့စာကို ၂၀၂၆ မှာ အသံအနေနဲ့ စာရေးသူကိုယ်တိုင် ရွတ်ဆိုပြောပြထားပါတယ်။ တစ်ခါတုန်းကနတ်ကန္နားပွဲတွေကို အလွမ်းပြေ နားဆင်ကြဖို့ BPN ကတင်ဆက်လိုက်ပါတယ်။
နောက်ခံတီးလုံး – အလင်္ကာကျော်စွာဆိုင်းဆရာကြီးနှစ်ဦးဖြစ်ကြတဲ့ ဦးဟန်ပ၊ ဦးဘမောင်၊ နတ်သံပစ် ဝဏ္ဏကျော်ထင် ဒေါ်အောင်ကြည်နဲ့ တခြားပုဂ္ဂိုလ်တွေ မှတ်တမ်းတင်ခဲ့တဲ့ “ရှေးခေတ်ရုပ်သေးပို့၊ ဇာတ်ပို့ သမားစဉ်တီးချက်များ” (ပြန်လည်ဖော်ထုတ်ကြသူများကို ကျေးဇူးတင်လျက်)
