ဒေါ်နယ်ထရမ့်ကသိတယ်
လူ့အဖွဲ့စည်းဟာ ယဉ်ကျေးမှုအသီးသီးကိုဖြတ်သန်းလာပြီးနောက် အိမ်တွင်းစည်းကမ်း၊ ရုံးတွင်း၊ လမ်းတွင်းစည်းကမ်းတွေလည်းပြောင်းလဲလာခဲ့ပါတယ်။ လုပ်ငန်းခွင်အမျိုးစားမျိုးစုံမှာ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှု၊ အမြတ်ထုတ်မှုတွေကို ကာကွယ်တားဆီးမယ့်မူဝါဒတွေ ထည့်သွင်းကျင့်သုံးလာကြပါတယ်။
ဒီမူဝါဒတွေမှာ လုပ်ငန်းနယ်ပယ်အလိုက် အသေးစိတ်ကျင့်ဝတ်တွေ၊ ပဋိညာဉ်တွေရှိပါတယ်။ ယေဘုယျအားဖြင့်တော့ ရာထူးအာဏာအားကိုး၊ ရိက္ခာ၊ ငွေကြေး တခြားအကူညီတွေပေးပြီး အားနည်းသူတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားတာ၊ တောင်းဆိုတာ၊ ခြိမ်းခြောက်တာ၊ ဘလက္ကာယပြုတာတွေတားမြစ်တယ်။ ဝန်ထမ်းချင်းကြားမှာလည်း မလိုလားအပ်တဲ့ အပြောအဆို အပြုအမူတွေ၊ အွန်လိုင်းပေါ်ကတဆင့်ပြုလုပ်တဲ့ အမူအကျင့်တွေကို တားမြစ်တယ်။
ကျူးလွန်ရင်လည်း ချွင်းချက်မရှိ အရေးယူတာတွေ လုပ်ကြပါတယ်။ အခု ကာလမှာ အကြပ်အတည်းကို အခွင့်ကောင်းယူပြီး လူထူအပေါ်ကျူးလွန်နေကြတဲ့ ဖြစ်ရပ်တွေ အများကြီးရှိနေပါတယ်။
ဒီအပိုင်းက အဲ့ဒီလိုမိုးခါးရေသောက်ကြတဲ့ကာလဆိုးမှာ ကျင်လည်နေရတဲ့ စေတနာ့ဝန်ထမ်း NGO သမားတစ်ယောက်ရဲ့ ဒွိဟဖြစ်စရာ ဘဝအခိုက်အတန့်လေးကို တင်ဆက်ထားတာဖြစ်ပါတယ်။ သွက်လက်ပေါ့ပါးပြီး ရယ်စရာမောစရာလေးတွေပါနားဆင်ကြရမှာပါ။
အများသိကြတဲ့ လိုင်ယွန်းနစ်က နတ်သံနှောသရုပ်ဆောင်ထားပါတယ်။
Disclaimer
အခုနားဆင်ခဲ့ရတဲ့ Podcast ကတော့ လက်ရှိ မြေပြင်က အရပ်ဖက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ PSEA မူဝါဒတွေ၊ ကျင့်ဝတ်စာချုပ်တွေမှာ လက်မှတ်ထိုးကြပေမဲ့ လက်တွေ့ကျင့်သုံးမှုဆိုင်ရာမှာ ပေါ်ပေါက်နေတဲ့ အားနည်းချက်တွေအကြောင်းကို မီးမောင်းထိုးပြနိုင်စေဖို့ ရည်ရွယ်တင်ဆက်ထားတာဖြစ်ပါတယ်။
Podcast မှာ ပါဝင်တဲ့ PSHEA (Prevention of Sexual Harassment, Exploitation and Abuse)၊ Safeguarding၊ Conflict of Interest နဲ့ အလုပ်ခွင်ကျင့်ဝတ်ဆိုင်ရာ အကြောင်းအရာတွေဟာ လူသားချင်းစာနာထောက်ထားရေး၊ ဖွံ့ဖြိုးရေးနဲ့ အကျိုးအမြတ်မယူတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝန်ထမ်းတွေ တိတိကျကျတန်ဖိုးထားလိုက်နာရတဲ့ သတ်မှတ်ချက်တွေဖြစ်ပါတယ်။
PSHEA မူဝါဒ အရ အကူအညီရရှိသူ နဲ့ NGO ဝန်ထမ်း ရည်းစားဖြစ်ခြင်း ဟာ
- Power imbalance (အာဏာ/အခွင့်အာဏာ မညီမျှမှု) ရှိနိုင်ခြင်း
- Beneficiary (အကျိုးခံစားခွင့်ရသူ) က အကူအညီရဖို့အတွက် အမှန်တကယ် သဘောတူတာလား၊ ဖိအားကြောင့်လားဆိုတာ ခွဲခြားရခက်ခြင်း
- အဖွဲ့အစည်းရဲ့ ယုံကြည်မှုနဲ့ ဘေးကင်းလုံခြုံရေးကို ထိခိုက်စေနိုင်ခြင်း တွေကြောင့်
အဖွဲ့အစည်းတွေရဲ့ အခြေအနေပေါ်မူတည်ပြီး အကျိုးစီးပွားပဋိပက္ခ (conflict of interest) အဖြစ် တားမြစ် သတ်မှတ်လေ့ရှိပါတယ်။
အသံဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်ကွက်တွေက အပြင်လောကမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို ဇာတ်ညွှန်းဆရာရဲ့အမြင်နဲ့ ပေါင်းပြီး ဇာတ်လမ်းဆင်ထားခြင်းသာဖြစ်ပါတယ်။ ဒီအကြောင်းတွေကို အများပြည်သူတွေ သိကြပြီးလည်း ဖြစ်ပါလိမ့်မယ်။ တကယ်လို့ အချက်အလက်တွေကို တိတိပပသိရှိနိုင်ကြဖို့ ဆိုရင် ဆိုင်ရာအဖွဲ့စည်းတွေရဲ့ တရားဝင်အစီရင်ခံစာတွေ၊ မူလအရင်းအမြစ်တွေကို ကိုးကားရှာဖွေကြဖို့ အကြံပြုအပ်ပါတယ်။ ဆိုင်ရာနယ်ပယ်က ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေအနေနဲ့လည်း လူထုအပေါ် တာဝန်ယူမှု၊ အာဏာမညီမျှမှု (power imbalance)၊ ကျင့်ဝတ်၊ တာဝန်ခံမှုနဲ့ လုံခြုံမှုဆိုင်ရာ ကိစ္စရပ်တွေ အပြန်အလှန် ဆင်ခြင်သုံးသပ်နိုင်စေဖို့ ရည်ရွယ်တင်ဆက်ထားခြင်းဖြစ်ပါတယ်။
