ရွေ့ပြောင်းသွားလာဤလူ့ရွာ

1 Episodes | Ongoing
Hosted By Ko Mg & Ma Soe

လူသားမျိုးနွယ်ဟာ အစဉ်သဖြင့် ရွေ့ပြောင်းသွားလာခဲ့ကြပါတယ်။ ရေကြည်ရာမြက်နုရာဘဝ၊ လှည်းနေလှေအောင်းဘဝမှသည် ကျားဖြန့်ခေတ်အထိ တိုက်ကြီးတစ်ခုကတစ်ခု၊ အင်ပါယာတစ်ခုကတစ်ခု၊ နိုင်ငံတစ်ခုကတစ်ခုဆီ ရွှေ့ပြောင်းသွားလာခဲ့ကြပါတယ်။ ဒီဖက်ခေတ်မှာတော့ သမိုင်းဦးကလို မြေတစ်ကွက်စိုက်မကောင်းလို့ နောက်တစ်ကွက်ဓါးမဦးချစိုက်သလို မရိုးရှင်းတော့။ စီမံခန့်ခွဲတဲ့အုပ်ချုပ်ရေးပုံစံတွေ အများကြီးပြောင်းလဲခဲ့ပြီးပါပြီ။

ရွှေ့ပြောင်းသွား‌လာမှု‌ကြောင့် အကောင်းဖက်ကပြောင်းလဲမှုတွေရှိခဲ့တယ်ဆိုရပေမဲ့ အဆိုးဖက်ကပြောင်းလဲမှုက တစ်ဆုပ်ကြဲ တစ်လှည်းယူဆိုသလို ပိုများပါတယ်။ အုပ်ချုပ်ရေးစနစ်တွေထူထောင်ပြီးတဲ့အခါ အုပ်စိုးသူတွေက လူသားတွေကို ခေတ်အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ကျွန်ပြုအမြတ်ထုတ်မှုတွေ အတင်းအဓမ္မ ရွှေ့ပြောင်းစေတာတွေ ယခုထက်တိုင်ရှိနေဆဲဖြစ်ပါတယ်။ နောင်လည်း ဆက်ကြုံကြဦးမှာပါ။

ဒီကြားထဲ မြန်မာပြည်တကျော့ပြန်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်အာဏာရှင်တွေရဲ့ရက်စက်မှု၊ စီးပွားရေး၊ နိုင်ငံရေးအမြတ်ထုတ်မှုတွေကြောင့် အသက်နဲ့ရင်းပြီး လူသန်းချီရွေ့ပြောင်းသွားလာနေကြရပါတယ်။ ဒီအကြောင်းကြောင့် နောက်ဆက်တွဲဂယက်တွေရှုပ်ထွေးပွေလီစွာကျန်ရှိနေသလို စီမံခန့်ခွဲကြပုံတွေကလည်း အလွန်င‌တေဆန်လှပါတယ်။ မြန်မာပြည်သူတွေရဲ့ ပြည်တွင်း၊ ပြည်ပရွေ့ပြောင်းသွားလာရတာဟာ ကိုယ့်ဆန္ဒနဲ့ကိုယ် "ရွှေ့ပြောင်း"သွားလာကြရတာမဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်တဲ့ကိစ္စတွေက ရွှေ့လိုက်လို့ ရွေ့သွားရတဲ့ "ရွေ့ပြောင်း"သွားလာရသူတွေသာဖြစ်ပါတယ်။

BPN အနေနဲ့ ရွေ့ပြောင်းသွားလာခြင်းကိစ္စ၊ ပြည်ပဝင်ငွေကို အဓိကညှစ်ယူခံနေရသလို အစိုးရပေါင်းများစွာ၊ ကုမ္ပဏီပေါင်းများစွာရဲ့ ခေါင်းပုံဖြတ်ခံ‌ ရွေ့ပြောင်းအလုပ်သမားတွေအကြောင်းကိုတင်ဆင်ဖို့ ပြင်ဆင်နေတာ ကြာခဲ့ပါပြီ။ ဒီစိတ်ကူးကိုအကောင်ထည်ဖော်ဖို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေကြတဲ့ တတ်သိနားလည်သူ မိတ်ဆွေတွေရဲ့ အကူညီပေါင်းများစွာရယူခဲ့ရပါတယ်။ အဲ့ဒီပုဂ္ဂိုလ်အားလုံးကို ကျေးဇူးဥပကာရများစွာတင်ရှိပါတယ်။ ဒီပေါ့ဒ်ကတ်စ်ကို အဓိကတင်ဆက်မှာက အလုပ်သမားအရေးဆောင်ရွက်ပေးကြတဲ့ ကိုမောင်နဲ့ မစိုးတို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ထိုင်းနိုင်ငံတွင်းရွေ့ပြောင်းလုပ်သားတွေအကြောင်း အမြဲပြောဆိုဆွေးနွေးလေ့ရှိကြသူ၊ အလုပ်သမားအရေးမှာတက်ကြွသူတွေ၊ လူမှုဘဝပုံစံမျိုးစုံမှာပျော်ဝင်လှုပ်ရှားကြသူတွေပါ။ ဒီလိုအမြဲဆွေးနွေးနေကြတဲ့သူတို့ဆီကို မိုက်တွေတပ်၊ ကင်မရာတွေချိန်၊ သက်ဆိုင်ရာရုပ်သံမှတ်တမ်းတွေရိုက်ယူပြီး ဗွီဒီယိုပေါ့ဒ်ကတ်စ်အဖြစ် ထုတ်လွှင့်လိုက်ပါတယ်။


All Episodes

EP01: ရွေ့ပြောင်းသွားလာဤလူ့ရွာ (Migrant Podcast)

ရွေ့ပြောင်းသွားလာဤလူ့ရွာ – အပိုင်း (၁) လူသားမျိုးနွယ်ဟာ အစဉ်သဖြင့် ရွေ့ပြောင်းသွားလာခဲ့ကြပါတယ်။ ရေကြည်ရာမြက်နုရာဘဝ၊ လှည်းနေလှေအောင်းဘဝမှသည် ကျားဖြန့်ခေတ်အထိ တိုက်ကြီးတစ်ခုကတစ်ခု၊ အင်ပါယာတစ်ခုကတစ်ခု၊ နိုင်ငံတစ်ခုကတစ်ခုဆီ ရွှေ့ပြောင်းသွားလာခဲ့ကြပါတယ်။ ဒီဖက်ခေတ်မှာတော့ သမိုင်းဦးကလို မြေတစ်ကွက်စိုက်မကောင်းလို့ နောက်တစ်ကွက်ဓါးမဦးချစိုက်သလို မရိုးရှင်းတော့။...