၂၀၂၅ မှတ်စုဆောင်းပါး : BPN နှင့် မြန်မာနိုင်ငံ Podcast ယဥ်ကျေးမှု အရွေ့ 

🎙️ How a Small Podcast network building Community Resilience in Myanmar

အင်တာနက်ပေါ်မှာ အနှစ်သာရ ပြည့်ဝတဲ့ Podcast တွေကို လူဦးရေ ၅ သောင်းဆီကို အရောက်ပို့ဖို့ စိတ်ကူးတစ်ခုကို ၂၀၂၅ အစမှာ ရည်ရွယ်ထားခဲ့ပါတယ်။ နှစ်ကုန်မှာဆိုရင် Burma Podcast Network မှာ ပုံမှန်နားဆင်သူ ၆၀,၆၉၉ ဦး ရှိပြီးတော့ ပေါ့ဒ်ကတ်စ်နားထောင်တဲ့အချိန် နာရီစုစုပေါင်း ၇၈,၃၆၁ အထိ ရရှိခဲ့ပါတယ်။ ဒီကြာချိန်က မိတ်ဆွေတို့အနေနဲ့ တိုက်တန်းနစ်ရုပ်ရှင်ကို အစကနေ အဆုံးထိ ၂၄,၁၁၀ လောက် အခါအခါ ကြည့်တာနဲ့ ညီမျှပါတယ်။ ဒါပေမဲ့ တိုက်တန်းနစ်နဲ့ မတူတာကတော့ BPN ရဲ့ ခရီးစဥ်က ကောင်းခန်းမှာ ရေခဲစိုင်ကြီးတိုက်ပြီး ပွဲပြီးဖို့မရှိပါဘူး။ မိတ်ဆွေတို့ကောင်းမှု အကြောင်းပြုပြီး BPN က အခက်ခဲတွေကြားကပဲ တဖြည်းဖြည်းနဲ့ ပိုကြီးထွားလာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာ ဆောင်ရွက်ဖြစ်တဲ့ လုပ်ငန်းဆောင်တာထဲက မိတ်ဆွေနဲ့ ဝေမျှမယ်ဆိုရင် အကျိုးများမယ်လို့ ယုံကြည်တဲ့ သတင်းကိစ္စအချို့ကို ဒီ မှတ်စု / ဆောင်းပါးလေးရေးလိုက်ရခြင်းဖြစ်ပါတယ်။


Photo : ၂၀၂၅ ခုနှစ် BPN ရဲ့ နားဆင်သူမှတ်တမ်းအချက်လက်များ


ပြောပြချင်တာတွေထဲက တစ်ခုကတော့ အင်တာနက်ဖြတ်တောက်ခြင်းနဲ့ အခြားဖိနှိပ်မှုအဖုံဖုံကြားက မြန်မာနိုင်ငံမှာ အစပြုဖို့ အားယူနေတဲ့ ပေါ့ဒ်ကတ်စ်အသိုင်းအဝိုင်းလေးကို BPN အနေနဲ့ ဘယ်လို ကူညီတည်ဆောက်ဖြစ်ခဲ့လဲ ဆိုတဲ့ကိစ္စလည်း အပါအဝင်ဖြစ်ပါတယ်။

၂၀၂၄ အကုန် ၂၀၂၅ လောက် မှာ BPN ရဲ့ အနီးအနားမှာ လက်လှမ်းမီတဲ့ မတူညီတဲ့ အသက်အရွယ်၊ ပတ်ဝန်းကျင်နောက်ခံနဲ့ လုပ်ငန်းခွင်အသီးသီးမှာရှိနေတဲ့ ပေါ့ဒ်ကတ်စ်တွေကို နားဆင်နိုင်ခြေရှိတဲ့ လူတွေကို  အားလုံးဖြေနိုင်တဲ့မေးခွန်းတစ်ခု မေးဖြစ်ပါတယ်။အဲ့တာကတော့ 

၇၅ ရာခိုင်နှုန်းက “နားထောင်ဖြစ်တယ်” ဖြေပါတယ်။ ဒါပေမဲ့ သေချာထပ်မေးကြည့်ရင် အားနာလို့သာအခုလို ဖြေလိုက်တာဖြစ်ပြီး တကယ်က BPN ပေါ့ဒ်ကတ်စ်တွေကို ဖြတ်သွားဖြတ်လာ ကြားဖူးရုံမျိုးဖြစ်တာတွေ့ရပါတယ်။ အားမနာတတ်သူတွေကလည်း “နားမထောင်ဖူးဘူး” လို့ ပွင့်ပွင့်လင်းလင်းဖြေကြပါတယ်။ ဒီလိုမျိုးရိုးသားတဲ့ အဖြေတွေကတော့ ဘယ်သူတွေက ပရိသတ် အစစ်အမှန်တွေဖြစ်တယ် ဘယ်သူတွေ နားထောင်အောင်တော့ ပိုကြိုးစားရဦးမယ်ဆိုတာကို သိဖို့အတွက် အများကြီး အထောက်အကူဖြစ်ခဲ့ပါတယ်။ ၂၅ ရာခိုင်နှုန်းလောက်သောလူတွေကပဲ ကျွန်တော်တို့ ပေါ့ဒ်ကတ်စ်တွေကို ဘယ်လောက်ကြိုက်ကြောင်းနဲ့ Burma Podcast Network ရဲ့ အစီစဉ်တွေထဲက သဘောကျကြိုက်နှစ်သက်တဲ့ အစီစဉ်တွေအကြောင်းကို ဖြေခဲ့ကြပါတယ်။

အလားတူပဲ အခြားသော Podcast ကြိုက်သူ မိတ်ဆွေတွေနဲ့ အင်တာနက်က နားထောင်သူတွေဆီကနေ ရရှိနေတဲ့ အကြံပြုချက်တွေလည်း ရာကျော်ရှိပါတယ်။ အဲ့ထဲမှာ အရေးကြီးပြီး အပြောင်းလဲဖြစ်စေတာ အချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။  

BPN တင်ဆက်တဲ့ ပေါ့ဒ်ကတ်စ်အပိုင်းတိုင်းက သေချာအချိန်ပေး သုတေသနလုပ်ထားတာမို့လို့ နားဆင်သူတွေက စိတ်မဝင်စားဘူး မကောင်းနေဘူးပြောတာကို လက်ခံပြီး ချက်ချင်းပြင်ဖို့အတွက်က ထုတ်လုပ်ရေးအဖွဲ့အနေနဲ့ ဘယ်လောက် ခံစားရခက်ခဲ့ကြမယ်ဆိုတာ မိတ်ဆွေတို့ ကိုယ်ချင်းစာမိမယ်ထင်ပါတယ်။  



Photo : လက်ရှိထုတ်လုပ်လျက်ရှိသော Podcast အစီစဥ်များ


ဒါပေမဲ့ ကိုယ်လုပ်သမျှအကောင်း BPN လုပ်တာပဲ နားထောင်ဆိုတာမျိုး မကာကွယ်နေဘဲနဲ့ ချဉ်းကပ်တဲ့ပုံစံကို‌ ပြောင်းလဲဖို့ ရွေးချယ်ခဲ့ပါတယ်။ ဖျော်ဖြေရေးရသ ပါဝင်ပြီး အနှစ်သာရ ပြည့်ဝတဲ့ ပေါ့ဒ်ကတ်စ်တွေကို ဇာတ်လမ်းအဖြစ်ဖန်တီးတာ၊ အသံဒီဇိုင်းတွေ ပိုထည့်သွင်းပြီးတော့ နေ့စဥ် လူ့ဘဝထဲက ရသစုံ အတွေ့အကြုံတွေနဲ့ Podcast ဖြစ်အောင် ဘယ်လိုမျိုး ဖန်တီးရမလဲဆိုတာကို လုပ်ရင်း သင်ရင်းနဲ့ လမ်းကြောင်းပြောင်း ချဥ်းကပ်ဖို့ ကြိုးစားရင်း ရလဒ်အသစ်အချို့ကို စတင် တွေ့ကြုံခံစားလာရတဲ့အကြောင်းလည်း ဝေမျှချင်ပါသေးတယ်။


ချဥ်းကပ်မှု အသစ်ရဲ့ လက်ငင်းရလဒ်ကို ပြောရမယ်ဆိုရင် TikTok ပေါ်မှာ ပေါ့ဒ်ကတ်စ်တွေကို တင်ခြင်းပါပဲ။ အရင်က TikTok မှာ Podcast နားထောင်သူတွေမရှိဘူးဆိုတဲ့ အမြင်ကနေ ရှောင်ကွင်းနေရာက မြန်မာနိုင်ငံထဲက VPN အခက်ခဲတွေကြောင့်အခြားပလက်ဖောင်းအသုံးပြုဖို့ ခက်ခဲနေတဲ့ TikTok ပေါ်က Podcast ချစ်သူတွေဆီကို ရောက်ရှိနိုင်ဖို့အတွက် လမ်းပွင့်ခဲ့ပါတယ်။ BPN podcast တွေကို ကြည့်ရှုသူ ၂.၃ သန်းကျော်အထိရှိလာတာကို ကြည့်ရင် TikTok ပေါ်မှာလည်း အဓိပ္ပာယ်ရှိတဲ့ အကြောင်းအရာတွေ တင်ဆက်ဆွေးနွေးလို့ရတယ်ဆိုတာ ငြင်းချက်ထုတ်စရာမလိုတဲ့ အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။


BPN ရဲ့ ပေါ့ဒ်ကတ်စ်တွေကို နားဆင်နေတဲ့လူတွေက Facebook, YouTube, TikTok, Spotify, Apple Podcast နဲ့ တခြား ပလက်ဖောင်းတွေမှာ ပိုများလာတာကြောင့် မိတ်ဖက်အဖွဲ့အစည်းအသစ်တွေနဲ့ နယ်ပယ်အသီးသီးက Podcast ထုတ်ဖို့ စိတ်ဝင်စားသူ လူငယ်တွေရဲ့ ယုံကြည်မှုလည်း အလိုလို ရလာခဲ့ပါတယ်။ ဒီလို ယုံကြည်မှုတွေကိုပဲ အခြေခံပြီးတော့ မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးတာ၊ ဒစ်ဂျစ်တယ်ခေတ်မှာ ကလေးတွေကို ဘယ်လို ပြုစုပျိုးထောင်ရမလဲဆိုတာတွေ၊ ပဋိပက္ခတွေကြားမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လျှော့ချနိုင်ရေး အသိပညာတွေ၊ မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ စစ်မြေပြင်ရှေ့တန်းမှာရှိနေတဲ့ သတင်းထောက်တွေရဲ့ ဘဝဖြတ်သန်းပုံအကြောင်းတွေလိုအထိ ဖြန့်ကျက်ပြီး တင်ဆက်နိုင်တဲ့အခြေနေတစ်ခုကိုရောက်ရှိလာတာ အခုဆိုရင် စုစုပေါင်း Podcast Show ၁၆ ခု အထိ တင်ဆက်နိုင်ခဲ့ပြီး Episode ပေါင်း ၁၃၅ ခုအထိ ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် တစ်ခုတည်းမှာ နိုင်ငံတကာ ဆုရသတင်းထောက်လူငယ်တွေ၊ ကဗျာဆရာတွေ၊ အနုပညာရှင်နဲ့ ဇာတ်ညွှန်းရေးဆရာတွေအပြင် အသံသရုပ်ဆောင် ပညာရှင်တွေနဲ့ လက်တွဲပြီးတော့ ပေါ့ဒ်ကတ်စ်အပိုင်း ၄၉ ပိုင်းကို ထုတ်လုပ်ဖြစ်ခဲ့တယ်။ ဒါ့အပြင် ကိုယ်တိုင် Podcast စတင်ဖို့ စိတ်ဝင်စားတဲ့ ချင်းမိုင်၊ မဲဆောက်က လူငယ် ၄၀ ကျော်ကိုလည်း Exile Hub ရဲ့ ကမကထပြု ဆောင်ရွက်မှုနဲ့ BPN ရဲ့ ၃ နှစ်ကျော် အတွေ့အကြုံထဲက ဇာတ်ညွှန်းပညာ၊ တည်းဖြတ်ခြင်းပညာ နဲ့ အသံဇာတ်လမ်းတင်ဆက်ပုံတွေကို ရက်ရှည်သင်တန်းတွေ ပြုလုပ်ပြီး ပံ့ပိုးကူညီဖြစ်ခဲ့ပါတယ်။ Podcast ကို လူတိုင်းလေ့လာနိုင်အောင် Podcast Experimental Lab လိုမျိုးလည်း DVB Peacock Film Festival နဲ့ပေါင်းပြီး ဖိတ်ခေါ် ပြသခဲ့တာမျိုးတွေဟာ အားယူနေတဲ့ မြန်မာ့ Podcast Community အတွက် အဖွဲ့စည်းအသီးသီးရဲ့ နိုင်တဲ့ဘက်က ဝိုင်းပံ့ပိုးဖြစ်ခဲ့ကြတဲ့ ဓလေ့ကောင်းတွေဖြစ်လို့ နောင်နှစ်တွေလည်း လက်ဆင့်ကမ်းဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်။

Photo : ချင်းမိုင်မြို့ DVB Peacock Film Festival တွင် ပြုလုပ်ခဲ့သော BPN Podcast Lab

အင်တာနက် မကြာခဏ ဖြတ်တောက်ခြင်းနဲ့အတူ အင်တာနက်သုံးစွဲရန် ပေးချေရတဲ့ ငွေပမာဏများပြားတာကြောင့် နားဆင်သူအများစုက အင်တာနက်ပေါ်က ပေါ့ဒ်ကတ်စ်တွေကို နားဆင်ဖို့ ခက်ခဲနေကြတာကို သတိပြုမိပါတယ်။

အင်တာနက်မရနိုင်တဲ့ စစ်ဘေးဒဏ်သင့်ဒေသတွေနဲ့ စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ Podcast ဟာ အခြေခံလိုအပ်ချက်မဟုတ်သော်လည်း  စိတ်ပိုင်း ရုပ်ပိုင်း ပင်ပန်းခက်ခဲမှုတချို့ကို ခေတ္တခဏအာရုံလွှဲ သက်သာစေနိုင်ဖို့ရည်ရွယ်ပြီး ရေဒီယိုက တစ်ဆင့် ထုတ်လွှင့်ဖို့ သင့်တော်တဲ့ အစီစဉ်တွေနဲ့ အသံဇာတ်လမ်းတွေကိုလည်း ဒေသတွင်း အသံလွှင့်မိတ်ဆွေတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ချိတ်ဆက်လျက်ရှိပါတယ် ။ ပေါ့ဒ်ကတ်စ်အပိုင်း ၁၀၀ ကျော်ကို ထည့်သွင်းထားတဲ့ SD ကတ်တွေနဲ့ ဘတ်ထရီသုံး ရေဒီယိုစက်တွေကို လူအများလာရောက် ဖတ်ရှုလေ့လာနိုင်တဲ့ စာကြည့်တိုက်တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ စစ်ဘေးရှောင်စခန်းတွေအထိ Podcast နားဆင်လိုသူ မိဘပြည်သူများအတွက် အရောက်ပို့ဖို့လည်း မကြာခင် အကောင်ထည်ဖော်နိုင်တော့မှာ ဖြစ်ပါတယ်။

အဆုံးအနေနဲ့ BPN ကို ယုံကြည်ပြီး ဝန်းရံအားပေးကြတဲ့ နားဆင်သူတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ကူညီပံ့ပိုးပေးသူ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ Burma Podcast Network ကို ပေါ့ဒ်ကတ်စ်ပလက်ဖောင်း တစ်ခုသာမကပဲ မြန်မာနိုင်ငံက Podcast နားဆင်လိုသူ သန်းပေါင်းများစွာအတွက် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ အရည်သွေးပြည့်မီသော Podcast တွေအရောက်ပို့နိုင်ဖို့ တာဝန်ရှိသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတစ်ခုအဖြစ် ခံယူထားပါတယ်။ အင်တာနက်ကို အကန့်အသတ်နဲ့ ရရှိနေတဲ့ ဒေသတွေဆီကို နည်းလမ်းမျိုးစုံနဲ့ BPN ရဲ့ ပေါ့ဒ်ကတ်စ်တွေကို ရောက်အောင် ကူညီပေးနေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ မိတ်ဆွေကိုလည်း ထပ်လောင်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ 

Photo : ရှေ့တန်းမြေပြင်က သူနာပြုရဲမေ တစ်ဦးရဲ့ မနက်စာ ဆန်ပြုတ်၊ ဖက်ကြမ်း နဲ့ BPN Podcast တစ်ပုဒ်

ကမ္ဘာမှာရော မြန်မာမှာပါ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် ရုန်းကန်ရမှုတွေ၊ ဖိနှိပ်ခြင်းတွေ ပြည့်နှက်နေတဲ့အချိန်တစ်ခုကို ဖြတ်သန်းနေကြရတာဖြစ်ပါတယ်။ အခုလို အခက်ခဲကာလမှ  လွတ်လပ်ပြီး အရည်သွေးပြည့်တဲ့ ပေါ့ဒ်ကတ်စ်အပိုင်းလေးတစ်ခုက သေးငယ်တဲ့ မျှော်လင့်ချက်အလင်းရောင်လေး တစ်ခုဖြစ်မယ်​ ဒါမှမဟုတ် စိတ်ဓာတ်ကျနေသူတွေအတွက် မနက်ဖြန်နိုးထဖို့အတွက် ဖြေသိမ့်စရာ အကြောင်းအရာ၊ ​ရုန်းထစရာ ခွန်အားတစ်ခုဖြစ်ဖို့ ရည်ရွယ်ပြီး အပတ်စဥ် စနေနေ့တိုင်းမှာ အပိုင်းအသစ်တစ်ခုတင်ဆက်နိုင်ဖို့ အားထုတ်ခဲ့တာ ၃ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ 

၂၀၂၆ မှာလည်း BPN ရဲ့ အားထုတ်မှုနဲ့ နားဆင်သူ လူထုအပေါ်ထားရှိတဲ့ စေတနာဟာ လွန်ခဲ့သော ၃ နှစ်ကာလအတိုင်းပဲဖြစ်ပါတယ်။ တွေးခေါ်ခြင်း- Think၊ ဖလှယ်ပြောဆိုခြင်း- Talk နဲ့ ဂရုတစိုက်နားထောင်ခြင်း- Listen ဆိုတဲ့ BPN ရဲ့ အခြေခံတန်ဖိုးထားမှုသုံးခုကို ဆက်လက် ဆင့်ပွားမယ့်အကြောင်း မိတ်ဖက်အဖွဲ့အစည်းနဲ့ နားထောင်သူတို့ နှစ်သစ်မင်္ဂလာပွားစေနိုင်ဖို့ သတင်းစကားပါးလိုက်ရင်း ဒီဆောင်းပါးလေး နိဂုံးချုပ်လိုက်ရပါတယ်။

1 comment on “၂၀၂၅ မှတ်စုဆောင်းပါး : BPN နှင့် မြန်မာနိုင်ငံ Podcast ယဥ်ကျေးမှု အရွေ့ ”

  1. ချိတ်ဆက်မှုပြန်လှန်အသိပေးချက် - 2025 Reflection : Burma Podcast Network and Myanmar Podcast Community Growth – Burma Podcast Network

Comments are closed.