ကလေးတိုင်းသည် အနည်းဆုံး အခြေခံပညာရေး၏ ပထမသုံးနှစ်ကို မိခင်ဘာသာစကားဖြင့် သင်ယူခွင့်ရသင့်ပါသလား? (Round 3)

ကရင်ပြည်အစွန်းအဖျားသို့ရောက်လာသူတချို့က ဒေသခံများနှင့်တွေ့ကြရာတွင် “သူတို့က မြန်မာစကားလည်းမပြောတတ်ဘူး မြန်မာပြည်နေပြီး” ဆိုသည့်စိတ်ဖြစ်ကြသည်။ ထို့အတူ ရခိုင်စကားမတတ်သော မြို/ခမီ ဒေသခံများကို “ရခိုင်ပြည်နေပြီး ရခိုင်စကားမတတ်ဘူး” ဆိုသည့် စိတ်ဖြစ်ကြပြန်သည်။ ထိုပုဂ္ဂိုလ်တို့ အိန္ဒိယ သို့မဟုတ် ထိုင်းနိုင်ငံဖက် ရောက်ကြသည့်အခါ လမ်းဘေးစာများ၊ စကားများ စသဖြင့် ဘယ်အရာကိုမှ ရေရေလည်လည်ရော ရိပ်ဖမ်းသံဖမ်းပင် နားမလည်ကြတော့။ ထိုအခါတွင်မှ “မိခင်ဘာသာစကား” ၏ ခမ်းနားအရေးပါပုံကို ကွက်ကွက်ကွင်းကွင်းနားလည်ကြတော့သည်။

ဒါက အမြင်သာဆုံးဥပမာသာရှိပါသည်။ အင်္ဂလိပ်စာကျွမ်းမှု၊ ဘာသာပြန် အပလီကေးရှင်းများ၊ ဆော့ဝဲလ်များ မည်မျှခေတ်စား လာစေကာမူ လူတို့သည် မိမိဘာသာစကားဖြင့်သာ ရွေးချယ်ဘာသာပြန်ကြသလို တီထွင်သူများကလည်း ဘာသာစကားစုံသထက်စုံအောင် ပြုပြင်ဖြည့်စွက်နေကြရသည်။ သို့သော် ကလေးတစ်ဦးသည် ဘာသာစကားမည်မျှသာသင်နိုင်သည်၊ သင်သင့်သည်၊ ဗဟုစုံသောလူမျိုးများစွာ ရှိသည့်ဒေသများတွင် မည်သည့်ဘာသာကိုသင်ရမည်၊ ရုံးသုံးဘာသာကို မည်သည့်ဘာသာဖြစ်သင့်သည်၊ ထားဝယ်စကားဖြင့်သင်ကြားနေသော စာသင်ခန်းတွင် မန္တလေးသား ကလေးငယ်တစ်ဦး၏ ခံစားချက်နှင့် နားလည်နိုင်စွမ်း ဘယ်ပုံရှိမည် စသဖြင့် ငြင်းခုံအတွေးပွားစရာများစွာ ကျန်ရှိနေပါသည်။ အထူးသဖြင့် မြန်မာပြည်လို မိခင်ဘာသာစကားကိစ္စကို နှစ်ပေါင်းများစွာလျစ်လျူရှုခံခဲ့ရသော ပတ်ဝန်းကျင်တွင် ပိုမိုကျယ်လောင်စွာဆွေးနွေးရမည့်ကိစ္စဖြစ်နေသည်။ ၂၀၁၂ လောက်မှ မိခင်ဘာသာစကားအရေး စာနယ်ဇင်းများနှင့် ပညာရေးလောကသားများကြားတွင် ခပ်စိပ်စိပ်ကြားလာရသည်။ ထို့နောက် အာဏာသိမ်းမှုအတွင်း ထပ်မံမှေးမှိန်သွားရပြန်သည်။ မိခင်ဘာသာစကား အကောင်ထည်ဖော်ရမည့်နေရာအများစုမှာလည်း စစ်မက်ဖြစ်ပွားခြင်း၊ ရေရာသော မူဝါဒမည်သည့်အခါမှ မရှိခဲ့ခြင်းနှင့် လက်တွေ့အကောင်ထည်ဖော်မှုပိုင်းဆိုင်ရာ ယိုပေါက်များစွာ ကျန်နေပါသေးသည်။ ထိုကိစ္စက လူကြီးလူငယ်မရွေးဆွေးနွေးကြရမည့်ကိစ္စ၊ အကြောင်းရာများစွာကို ထည့်သွင်းဆင်ခြင်ချမှတ်ရမည့် ကိစ္စဖြစ်နေသည်။

ယခုတစ်ခေါက်ထုတ်လွှင့်သည့် BPN Debate Lab အစီစဉ်တွင် တတိယအချီ Round 3 အဖြစ် လူငယ်များဆွေးနွေးငြင်းခုံကြမည့်ခေါင်းစဉ်က “ကလေးတိုင်းသည် အခြေခံပညာရေး၏ အနည်းဆုံး ပထမသုံးနှစ်ကို မိခင်ဘာသာစကားဖြင့် သင်ယူခွင့်ရသင့်ပါသလား” ဆိုသည့် ခေါင်းစဉ်ကြီးဖြစ်ပါသည်။ လူငယ်များ၏ စကားပြောစွမ်းရည်၊ သုတေသနပြုနိုင်မှုနှင့် ရဲစွမ်းသတ္တိများကို ကြီးငယ်မဟူ နားဆင်စဉ်းစားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးဖြန့်ချိလိုက်ရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *