ဉာဏ်သူပုန်

Hosted ByMaung Yin & Thein Phay

တောထဲ တောင်ထဲမှာ ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာဟာ ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဉာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများ ဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက်ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှုနဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားတဲ့ ကွက်လပ်တွေကို ဝင်ရောက်ဖြည့်စွက် ဉာဏ်သူပုန် ထရခြင်း ဖြစ်ပါတယ်။

မြန်မာပြည်ကြီးမှ ချစ်ခင်ရသော ဉာဏ်သူပုန်မိတ်ဆွေများ နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေနိုင်ကြပါစေဗျာ။

အိမ်တွင်းပုန်းသင်္ကြန်

မြန်မာပြည်ဖွားတွေဟာ မြန်မာ့ဂီတနဲ့ ဘယ်လိုမှ မကင်းနိုင်ပါဘူး။ ပျင်းတွဲ့တွဲ့ကြီး မကြိုက်ဘူး၊ အိပ်ငိုက်တယ်၊ နားညည်းတယ်ဆိုရင်တောင် သူများဖွင့်ထားတာကနေ ကြားကြရပါတယ်။ ဒီလိုနဲ့ နားထဲမှာ လာစွဲနေတော့တာပါပဲ။ ဟိုးရှေးက မဟာဂီတသီချင်းတွေ၊ နှောင်းခေတ်ကာလပေါ်တေးတွေနဲ့ လက်ရှိ ရီမစ်၊ ဖြူးရှင်းတွေ လုပ်ကြတဲ့ ခေတ်တွေအထိ မြန်မာ့ဂီတသံမျိုးစုံက ဒီတိုင်းပြည်ထဲ မှီတင်းနေကြသူတွေအပေါ် လွှမ်းမိုးမှုရှိတယ်။ ဥပမာ မနက်ပိုင်းမင်္ဂလာယူဖွင့်တတ်တဲ့ မြန်မာတွေကြိုက်လှတဲ့ ကြည်နူးဖွယ်ရေကင်းသံ ဘုံဆောင်မြင့်သီချင်းဟာ မဟာဂီတအခြေခံကြိုးသီချင်းတွေထဲက တစ်ပုဒ်ပါ။ အဲ့ ခက်နေတာက မြန်မာသံတွေဆိုကြတော့မယ်ဆိုရင် မြန်မာသံတီးမှုတ်တတ်သူက မိတ်ဆွေအပေါင်းသင်းတွေထဲ ရှားပါးလေ့ရှိပါတယ်။ လူကြားထဲရှိနေတဲ့ ဂစ်တာတစ်လက်ကို လူတိုင်းကောက်တီးနိုင်ဖို့ဖြစ်နိုင်ပေမဲ့ မြန်မာသံတွေ၊ တူရိယာတွေကျတော့ နီးစပ်တဲ့သူတွေပဲ တီးတတ်မှုတ်တတ်တာ။ ဆိုင်ရာထွန်းကားတဲ့ ဒေသတွေမှာတော့ ပေါပါလိမ့်မယ်။ ဒါပေမဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ဆို ရှားတယ်လို့ဆိုနိုင်ပါတယ်။ အရင်ကတော့ ပြည်ပရောက်ဆရာကြီးတွေ၊ ပညာရှင်တွေ ဆုံရင်တီးခတ်ကြတာတွေရှိပေမဲ့ အနုပညာအသိုင်းဝိုင်းကလွဲရင် သာမန်လောကမှာတော့ ရှားဆဲပါပဲ။

အကြောင်းအားလျော်စွာပဲ ဉာဏ်သူပုန်မိတ်ဆွေများထဲမှာ မြန်မာသံကီးဘုတ်၊ မောင်းဆိုင်း၊ ဒိုးအုပ်စုံတွေတီးတတ်တဲ့ လူငယ်မိတ်ဆွေတစ်ယောက် လွန်ခဲ့တဲ့ငါးနှစ်လောက်က ခင်မင်ခွင့်ရခဲ့ပါတယ်။ မင်းသားကမှာလည်း ရွှေတံဆိပ်တွေ ဆွတ်ခူးခဲ့ဖူးသူပါ။ ဒီတစ်ခါတော့ သူနဲ့ ဉာဏ်သူပုန်တင်ဆက်သူမောင်ရင်တို့ သင်္ကြန်အကြောင်း၊ ဆိုကရေးတီးအကြောင်း၊ အလကားကျော်စွာတွေအကြောင်း၊ ဖက်ခွက်စားအကြောင်း၊ အနုသဘင်လောကအကြောင်း၊ ဘွိုင်းကောက်အကြောင်းတွေကို တတ်မှတ်သလောက်ပြောဆို အလွမ်းဖြေကြမှာဖြစ်ပါတယ်။ စကားပြောရင်းနဲ့မှ ၁၀ မိနစ်ကို တစ်ကြိမ်လောက် သင်္ကြန်သီချင်းတစ်ပုဒ်စီ တီးလုံးလေးတွေတီးပြီး နားထောင်ကြသူအပေါင်းကို မပျင်းရအောင် အငြီးဖြေ တီးခတ်ဖျော်ဖြေထားပါတယ်။ အဲ့အတွက် မူလဖန်တီးသူဆရာကြီးများကို ဒီနေရာကနေ ဂါရဝပြုပါတယ်။ မြန်မာမှုတွေကို စိတ်ဝင်စားကြတဲ့ နားဆင်ကြတဲ့၊ မတောက်တခေါက်တီးခတ်ကြတဲ့ ဝါသနာရှင်၊ စေတနာရှင် မိတ်ဆွေတွေ၊ ပရိတ်သက်တွေအနေနဲ့သာ ယခုအပိုင်းကို ဝေဘင်စောကြောပြောဆိုကြတာမို့ အဆင့်မြင့်အနုပညာရှင်ကြီးများက ဗွေယူမယ်ဆိုလည်း ယူကြပါ။

ဒါဖြင့်ဉာဏ်သူပုန်ပေါ့ဒ်ကတ်စ်က ဘယ့်နှယ့်ယဉ်ကျေးမှုတော်လှန်ရေးဘာညာပြောပြီး ဒါတွေလျှောက်ပြောနေရသလဲ။ ယဉ်ကျေးမှုတွေထဲမှာ နှစ်သက်ဖွယ်ကောင်းတဲ့၊ အစွန်းရောက် ရှေးရိုးမစွဲတဲ့၊ ကိုယ်ပိုင်လက္ခဏာတွေရှိတဲ့အမှု(မြန်မာမှု) တွေ အများကြီး ကျန်ရှိနေပါသေးတယ်။ ဒါတွေကို လက်နက်သဖွယ် အသုံးချနေတဲ့ အာဏာရှင်ယန္တရားကလည်း ရှိနေပြန်တယ်။ သင်္ကြန်တွင်းမှာ အိမ်တွင်းကနေ သင်္ကြန်ကိုခံစားရင်း စကားစမြည်ပြောကြရာက ဒီအကြောင်းအရောတွေဆီ ရောက်သွားတဲ့သဘောပါပဲ။

သင်္ကြန်သီချင်းတွေကို အတတ်နိုင်ဆုံး တူညီအောင် တီးလုံးတွေချည်း တီးထားကြတာဖြစ်တဲ့အတွက် စိတ်ပါရင် နားဆင်ရင်းနဲ့ လိုက်ဆိုနိုင်ပါပြီ။ တီးပေးတဲ့ကိုလင်းကိုလည်း များစွာကျေးဇူးတင်ရှိပါတယ်။ အားလုံးကို အတာကာလကစပြီး အဆိုးအပေါင်းကနေ ဝေးကင်းကြပါစေကြောင်း မေတ္တာဖြင့် တင်ဆက်လိုက်ရပါတယ်။

နောက်ခံသီချင်းတစ်ပုဒ်ဖြစ်တဲ့ မြဝတီမင်းကြီးဦးစရေး
လေပြေဆော်သွင်း(သွေး) မြူး – မြင်းတက်ယိုးဒယားသီချင်းကတော့ လွန်ခဲ့တဲ့လက တီးထားတာဖြစ်ပါတယ်။
ဒိုးအုပ်စုံ/ ကီးဘုတ် – ကိုလင်း
စည်းဝါး- ကိုအောင်မြသန်း
ယကွင်းအိမ်ဖြည့် – မောင်ရင်

သင်္ကြန်သီချင်းတွေကတော့ ဒီအပိုင်းအတွက်သီးသန့်တီးခတ်ထားတာပါ။
ကီးဘုတ် – ကိုလင်း
စည်းဝါး – မောင်ရင်
ဂစ်တာအိမ်ဖြည့် – မောင်ရင်
ဒိုး – (သင်္ကြန်ကာလငှားရခက်၊ ဈေးကြီးလို့ မပါ)

Leave a Reply

Your email address will not be published. Required fields are marked *