တခန်းရပ်ပေါ့ဒ်ကတ်စ်များ

Hosted ByBPN & Doh Hlay

ယခုအစီအစဥ်သည် ခေတ်ပေါ်အိမ်စီးကားတွေကြား ရံဖန်ရံခါ ပြည်လမ်းမပေါ် တက်လာတတ်သော လိပ်ခုံးကားကလေးနှင့်တူနေနိုင်ပါသည်။

၂၀၂၅ ခုနှစ်မှာ မိတ်ဆွေတို့သိတဲ့အတိုင်း လူတိုင်း Content Creator တွေဖြစ်နေကြပါပြီ။ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်က တစ်ကိုယ်တော် ဖျော်ဖြေရေးသမားတွေ ဖြစ်နေကြချိန်မှာ အခုအစီအစဥ်က အတော်ခေတ် နောက်ကျနေတာ/အရသာမတွေ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သို့သော် ပျောက်ကွယ်တော့မယ့် ရုပ်မမြင်၊ အသံကြား ဖျော်ဖြေရေးပညာနဲ့ အနုပညာတင်ဆက်မှုကို လက်ကမ်းယူခြင်းဖြစ်သည့်အတွက် BPN နဲ့ ရင်ဘတ်ချင်းနီးသူ မိတ်ဆွေတွေ၊​ ရေဒီယိုခေတ်ကို မြတ်နိုးသူတွေအတွက်တော့ လိပ်ခုံးကားလေးတွေ့တိုင်း ပြုံးမိသူတွေလိုပဲ အကြည်ဓာတ်၊ အပျော်ဓာတ်တစ်ခု သယ်ဆောင်လာမှာသေချာပါတယ်။

လွန်ခဲ့တဲ့ နှစ်၂၀ က ကားရေဒီယိုလေးဖွင့်ပြီး ဖြတ်သန်းခဲ့သူတွေက
အခုခေတ်မှာဆို မီးပွိုင့်မိတဲ့ ၂ မိနစ်အချိန်ကို တေလာဆွဖ် အကြောင်း၊ လက်ဝှေ့ပွဲရလာဒ်၊ အမေရိကန်က မောင်ထရမ့်ကိစ္စ အစရှိတဲ့ Reels အတို ၃ ခုလောက်ကို အသာကလေး သိမြင်ခံစားခွင့်ရနေကြပါပြီ။ ဒီပြောင်းလဲမှုတွေက ကောင်းသည်၊ ဆိုးသည် သတ်မှတ်ဖို့အတွက်သည် Burma Podcast Network ၏ ရည်ရွယ်ချက်မဟုတ်ပါ။

အဓိကရည်ရွယ်ချက်သည် တစ်နေ့တာလုပ်ငန်းပြီးလို့ ညအချိန်ရောက်တဲ့အခါ ဟိုတစ်ချိန်က ရေဒီယိုဇာတ်လမ်းတွေလို လူသားများစွာရဲ့ဘဝတွေထဲက ရယ်စရာ၊ မောစရာ၊ သံဝေဂရစရာ အဖြစ်တွေကို ခံစားနိုင်ဖို့ဖြစ်ပါတယ်။

ပလာတာဆရာကြီးတွေ မိုင်လိုတို့ ချောကလက်တို့နဲ့ အဟောင်းကို အားပြုပြီး အသစ်ထွင်သလို ခေတ်ပေါ် လူအဖွဲ့အစည်းနဲ့ ကိုက်ညီသင့်တော်တဲ့ စကားလုံးတွေ၊ စံတန်ဖိုးသတ်မှတ်ချက်တွေ၊ ထုတ်လုပ်ရေးစနစ် နဲ့ အသံပံ့ပိုးမှုတွေပါဝင်ဖို့ BPN ဝိုင်းတော်သားတွေအားလုံး အချိန်၊ လုပ်အား​၊ ဉာဏ်အင်အားတွေနဲ့ ပူးပေါင်းဖန်တီးထားတဲ့ အစီစဥ်တစ်ခုဖြစ်တာကြောင့် ကြိုက်နှစ်သက်သည်ရှိသော် မိတ်ကောင်းဆွေကောင်းများနှင့် ဝေမျှပေးဖို့ မေတ္တာရပ်ခံရင်း “တခန်းရပ်ပေါ့ကတ်စ်များ” လို့ အမည်ရတဲ့ ရှိုးအသစ်ရဲ့ ပထမဆုံး အပိုင်းကို လာမယ့် စနေနေ့မှာ တင်ဆက်သွားမှာဖြစ်ပါကြောင်း...။

ကုန်​စုံဆိုင်​ အော်ပရာ

တခန်းရပ်ပေါ့ကတ်စ်များရဲ့ ပထမဆုံးအပိုင်းဖြစ်တဲ့ “ကုန်စုံဆိုင်အော်ပရာ” ကို နားဆင်သူတွေလက်အပ်လိုက်မှာမို့ ကောင်း၊ မကောင်း ဝေဘင်စောကြောပေးလို့ရပါပြီ။ မိုးခါးရွာတဲ့ကာလမှာ ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူးလို့ တင်းမာတောင့်ခံကြသူတွေရဲ့ အဖြစ်အပျက်တချို့ကို BPN က ကောက်နုတ်ဇာတ်လမ်းဆင်ထားပါတယ်။ ကိုယ့်ရဲ့အပြုအမူသေးသေးလေးတွေဟာ ကိုယ့်ဝန်းကျင်ကို ဘယ်လိုအကျိုးဆက်အနေနဲ့ တုံ့ပြန်ထောက်ကူလည်ပတ်နေလဲဆိုတာ ဒီဇာတ်လမ်းမှာ ကွက်ကွင်းစွာ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကိုလည်း ဟိုးတုန်းက အသံဇာတ်လမ်းတွေခေတ်စားခဲ့တဲ့ကာလက ဖန်တီးခဲ့ကြတဲ့ ပုံစံတချို့ကို မှီးပြီးတော့ ပေါင်းစပ်ဖန်တီးထားပါတယ်။ နားဆင်ကြရင်း တစ်ခေတ်တစ်ခါနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အလွမ်းဖြေနိုင်ပါလိမ့်မယ်။ ဒါ့ပြင် အခုအခါမှာကြုံနေရတဲ့ အသေးစိတ်ပြဿနာလေးတွေကို ဆင်ခြင်ဖေးမ ကျော်လွှားနိုင်ကြဖို့၊ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးနိုင်ကြဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ကုန်စုံဆိုင်ပိုင်ရှင် ကိုတရုတ် အဖြစ် ဦးချမ်းအေး
စျေးဝယ်သူ အန်တီ အဖြစ် အန်တီအေး
မိုးငယ် အဖြစ် ယွန်းမြတ်သွယ်
ကိုလူငယ် အဖြစ် ကိုစိုးထက်ဦး
ကိုတင်အောင် အဖြစ် ကိုစနေ
နောက်ခံစကားပြောသူ BPN ဝိုင်းတော်သား တစ်ဦး

Produced by ©Burma Podcast Network In collaboration with Doh Hlay.

Executive Producer – Ariel Maung
Creative Lead – Ba Hein
Art Direction – Saw Chit
Piano (Myanmar Tune) – Lin Lett
Visual & Audio Expert – Kevin
Production Assistant – Mookie

Leave a Reply

Your email address will not be published. Required fields are marked *