ညိုကီFM

Hosted BySammy

လွတ်လပ်စွာ နှီးနှောဖလှယ်ခွင့်၊ ​စကားပြောခွင့်များ ထွန်းကားခဲ့တဲ့ မြန်မာပြည်ရဲ့ ရှားပါး ခုနှစ်တွေကို ပြန်တမ်းတပြီး ဒီ Podcast ပေါ်ပေါက်လာတာဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်၊​ ဘီယာဆိုင်၊ ​ညကြီးပိုင်းထမင်းကြော်ဆိုင်တွေမှာ၊ နောက်ဆုံး တက္ကစီစီးရင်း ကားပိတ်တုန်း အာထုကြတဲ့ မမောတမ်း အဖြေရှာနေကြတဲ့ လူငယ်၊ လူလတ်၊ လူကြီးတွေဟာ ညိုကီတွေပါပဲ။

ညိုကီ FM ကနေ မိတ်ဆွေတို့ ဘာရမလဲ​? ဘီယာဆိုင်အခြေပြု စကားဝိုင်းတွေရဲ့ အရသာ ဒါမှမဟုတ်လည်း ​သူငယ်ချင်းဓာတ် ရပါလိမ့်မယ်။ အထူးသဖြင့် နယ်ပယ်အစုံက အမျိုးသားတွေစုပြီး ပြောကြတဲ့ စကားဝိုင်းဖြစ်လို့ ညီကို/ညိုကီတို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံ၊ ပျော်စရာ၊ ​လွမ်းစရာ၊ ​စိတ်ညစ်စရာ ပြဿနာအထွေထွေအဖုံဖုံတို့ကို နိစ္စဓူဝ စကားဝိုင်းပမာ တင်ဆက်သွားမှာဖြစ်လို့ နားဆင်ကြပါဦးခင်ဗျာ။

ပွဲတိုင်းမပါမဖြစ်တဲ့ စီနီယာ အကိုကြီး ဖရန်ကီ၊ ရခိုင်ပြည်ဖွား ဂျစ်ကန်ကန် ပညာတတ် မိတ်ဆွေ ဘရက်ဒလေ၊ မြောက်ဥက္ကလာသား ဂျလေဘီ မောင်ဆန်မီ တို့က အဓိကပါဝင်ပြီး အခြားအခြားသော ခင်မင် အတုယူဖွယ် ညိုကီများကို ဖိတ်ခေါ်တင်ဆက်သွားမှာ ဖြစ်တဲ့အကြောင်းလဲ ကြိုတင်မိတ်ဆက်လိုက်ရပါတယ်ဗျို့။

Burma Podcast Network ရဲ့ Podcast Show အသစ် “ညိုကီ FM” ဖြစ်ပါတယ်။

သီချင်းများနှင့်ညိုကီ

အခုအလှည့်ကျသူကတော့ သီချင်းဆိုတဲ့ ညိုကီတစ်ယောက်ပါ။ အပြည့်အစုံမိတ်ဆက်ရရင် Born in Burma Art ရဲ့ Vocalist တစ်ယောက်လဲဖြစ်၊ “နှစ်ချို့မှာတမ်း” Music Album ဖန်တီးထားသူ ကိုဂါဖြစ်ပါတယ်။

ဒီညိုကီက စကားပြောအေးသလို အင်မတန် သဘောကောင်းပါတယ်။ သီချင်းနဲ့ပတ်သက်ရင်တော့ သူသဘောမကောင်းဘူးလို့ ထင်တယ်။ အထူးသဖြင့် သူ့သီချင်းတွေကို ကော့်ဒ် ၄ ကွက်သိပြီး ဂစ်တာတီးတတ်တယ် ထင်နေတဲ့ ကျွန်တော့်လိုကောင်တွေ လက်ကမြင်းမှာ စိုးရိမ်ပုံရပါတယ်။ သူ့ရဲ့ Defense System က လှတယ်၊ သူ့ကိုယ်ပိုင် သီချင်းတွေကို ကာရာအိုကေ ဗားရှင်းထုတ်ထားပြီးတော့ သူငယ်ချင်းတွေ စကားဝိုင်း၊ အရက်ဝိုင်းသီချင်းတောင်းပြီဆို မတောက်တခေါက် ဂစ်တာသမားဆို လက်ကာပြပြီးတော့ စပီကာနဲ့ ချိတ်ပြီးဆိုတတ်တယ်။ သူ့အမူအကျင့်ကို နှစ်သက်လို့ တကူးတက ဖော်ပြတာပါ။ နားထောင်သူတွေလည်း ဘယ်လိုလူစားလဲဆိုတာ သိတော့ ပိုနားထောင်ရတာ မြိန်တာပေါ့။

ကိုဂါက ဂီတ/သီချင်းတွေကို သူ့ရဲ့ တန်ဖိုးကြီးလက်ဆောင်အဖြစ် ကျွန်တော်တို့ ညိုကီတွေရဲ့ စကားဝိုင်းတွေကို သယ်လာလေ့ရှိတယ်။ သီချင်းတွေကြောင့် ပျော်စေတယ်၊ ကြည်နူးစေတယ်၊ ပိုမိုက်တာက ညိုမတွေကို တီးပြဖို့ ရှားပါးသီချင်းလေးတွေလည်း သူနဲ့ ဝီရမိုးနေ ဆီက မကြာခဏ ရတတ်ပါတယ်။

ဒီအပိုင်းက စုစုပေါင်း မိနစ် ၃၀ ရှိပြီးတော့ သီချင်း ၃ ပုဒ်ထည့်ဖော်ပြထားတယ်။ သီချင်းတိုင်းက ကိုယ်ပိုင်သံစဥ်ဖန်တီးမှုတွေဖြစ်တယ် ။

တိုက်ခန်း ထဲ က ညိုကီ၊ ထိုင်းက ညိုကီ၊ အော်ဇီက ညိုကီ၊ အမေရိကားက ညိုကီ၊ စာကြိုးစားနေတဲ့ညိုကီ၊ ရှေ့တန်းက ညိုကီ၊ ဗုံးခိုကျင်းထဲက ညိုကီ၊ ကြယ်ဖြစ်သွားတဲ့ညိုကီ အားလုံးအတွက် သူငယ်ချင်းဓာတ် အကြည်ဓာတ် ဖြစ်ဖို့ ချစ်ခြင်းများစွာဖြင့် ရည်ရွယ်တင်ဆက်လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *