ညိုကီမိတ်ဆက်
လွတ်လပ်စွာ နှီးနှောဖလှယ်ခွင့်၊ စကားပြောခွင့်များ ထွန်းကားခဲ့တဲ့ မြန်မာပြည်ရဲ့ ရှားပါး ခုနှစ်တွေကို ပြန်တမ်းတပြီး ဒီ Podcast ပေါ်ပေါက်လာတာဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ညကြီးပိုင်းထမင်းကြော်ဆိုင်တွေမှာ၊ နောက်ဆုံး တက္ကစီစီးရင်း ကားပိတ်တုန်း အာထုကြတဲ့ မမောတမ်း အဖြေရှာနေကြတဲ့ လူငယ်၊ လူလတ်၊ လူကြီးတွေဟာ ညိုကီတွေပါပဲ။
ညိုကီ FM ကနေ မိတ်ဆွေတို့ ဘာရမလဲ? ဘီယာဆိုင်အခြေပြု စကားဝိုင်းတွေရဲ့ အရသာ ဒါမှမဟုတ်လည်း သူငယ်ချင်းဓာတ် ရပါလိမ့်မယ်။ အထူးသဖြင့် နယ်ပယ်အစုံက အမျိုးသားတွေစုပြီး ပြောကြတဲ့ စကားဝိုင်းဖြစ်လို့ ညီကို/ညိုကီတို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံ၊ ပျော်စရာ၊ လွမ်းစရာ၊ စိတ်ညစ်စရာ ပြဿနာအထွေထွေအဖုံဖုံတို့ကို နိစ္စဓူဝ စကားဝိုင်းပမာ တင်ဆက်သွားမှာဖြစ်လို့ နားဆင်ကြပါအုံးခင်ဗျာ။
ပွဲတိုင်းမပါမဖြစ်တဲ့ စီနီယာ အကိုကြီး ဖရန်ကီ၊ ရခိုင်ပြည်ဖွား ဂျစ်ကန်ကန် ပညာတတ် မိတ်ဆွေ ဘရက်ဒလေ၊ မြောက်ဥက္ကလာသား ဂျလေဘီ မောင်ဆန်မီ တို့က အဓိကပါဝင်ပြီး အခြားအခြားသော ခင်မင် အတုယူဖွယ် ညိုကီများကို ဖိတ်ခေါ်တင်ဆက်သွားမှာ ဖြစ်တဲ့အကြောင်းလဲ ကြိုတင်မိတ်ဆက်လိုက်ရပါတယ်ဗျို့။
Burma Podcast Network ရဲ့ Podcast Show အသစ် “ညိုကီ FM” ဖြစ်ပါတယ်။
