အထက်ဆင်

Hosted ByNyein Chan May

ဂလိုဘယ်လိုက်ဇေးရှင်း (သို့) ကမ္ဘာကြီးရဲ့ နယ်ပယ်မျိုးစုံ အရွေ့မှာ ကျွန်မတို့ရဲ့ မြန်မာပြည်ကြီးကျန်ခဲ့ပါတယ်။ ငါတော့ဖြင့် နောက်ကျမကျန်ခဲ့နိုင်ဘူးဆိုတဲ့ ဒရွတ်တိုက် ဆွဲပါသွားတဲ့ မြန်မာလူငယ်တွေက မြန်မာပြည်နဲ့ ကမ္ဘာကြီးကြား ပေါင်းကူးတံတားတွေပါပဲ။

ဒီလို ပေါင်းကူးနှီးနှောမှုတွေမှတစ်ဆင့် အင်တာနက်တောင် နပ်မမှန်တဲ့ နိုင်ငံကြီးရဲ့ လူငယ်တွေဟာ ကမ္ဘာကြည့် ကြည့်နိုင်၊ ပြောနိုင်၊ မြင်နိုင်မလား?
အမျိုးသမီးအခွင့်အရေး၊ တန်းတူညီမျှရေးကို အိပ်မက်ခွင့်ရှိကြဦးမလား?
လက်ရှိ ပြည်တွင်းရဲ့ နိုင်ငံရေး လူမှုရေးတွေမှာ ဖိုဝါဒီကြီးတဲ့ ကွန်ဆာဘေးတိုက်တွေရဲ့ အိုကြီးအိုမမျက်နှာတွေကို "အထက်ဆင်" Podcast က ငိုမဲ့မဲ့များဖြစ်သွားစေမလား?

မြန်ပြည်တလွှား Feminism လှုပ်ရှားမှုတွေရဲ့ ဦးစီးဦးဆောင်တွေကများ မျက်ခုံးပင့်ကြည့်ကြမလား? ဒါတော့ မိတ်ဆွေတို့ပဲ နားဆင်ကြည့်ကြပါတော့ရှင်။

ငရဲခွေးကြီးများ လွတ်နေသည်။

ကျွန်မတို့ ငယ်ငယ်ကတည်းက “ဒါကတော့ဖြင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားတာဟဲ့”လို့ မိဘ အသိုင်းအဝိုင်း၊ မိသားစုအသိုင်းအဝိုင်းထဲမှာ သေချာ ခွဲခြမ်းစိတ်ဖြာ ပြောဆိုပြတာ ရှားပါတယ်။ တစ်ခုခုဆို “ဟယ် စတာ နေမှာပါ။ သည်းခံလိုက်” “ဒါလေးများဟယ် အသားပဲ့ပါသွားတာမှ မဟုတ်တာ” “ဒါ သူ ရည်ရွယ်တာ ဟုတ်ချင်မှ ဟုတ်မှာပါ” “နင် ကိုက အကဲဆတ်လွန်းတာ၊ ဆန်းဆန်းတင့်လွန်းတာ” ဆိုပြီး တပြောတည်း ပြောကြပါတယ်။

အထက်ဆင် ကနေ တစ်ခါတည်း ပြောလိုက်ပါရစေ။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုနဲ့ ပတ်သက်လာရင် ကိုယ့်ဘက်က ဆန်းဆန်းတင့်လွန်းတယ် ဆိုတာ ရှိကို မရှိပါဘူး။ ကိုယ့်သတ်မှတ်ထားတဲ့ စည်းမျဉ်းကို ကျော်လာရင်၊ ကိုယ် လက်မခံနိုင်ရင်၊​ ကိုယ် သဘောမတူရင်၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှု မြောက်ပါတယ်။ ဘယ်အရာတွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှု မြောက်သလဲဆိုတာကို ခုဆိုရင် ဖေ့စ်ဘုတ်မှာ၊ ဆိုရှယ်မီဒီယာတွေမှာ အသိပေးပုံတွေ အများကြီး ဝေမျှထားကြပါတယ်။ ကိုယ်တိုင်လည်း ဖတ်ရှုပြီး အမျိုးသမီးအချင်းချင်းလည်း လက်တို့ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *