90mins with Ye Aung Thu

Hosted ByYe Aung Thu

ငယ်ငယ်က မြွေတစ်ကောင်ကို သတ်ပြီးရင် ခေါင်းကိုဖြတ်ပြီး မြှုပ်ပစ်ကြရတယ်။ အထူးသဖြင့် မြွေဟောက်လိုမျိုး အဆိပ်ပြင်းတဲ့ မြွေမျိုးဆိုရင် နယ်ဖက်မှာ အခုထိ ခေါင်းကိုဖြတ် မြေမြှုပ်ပစ်လိုက်တတ်တယ်။ ဒီကောင်တွေက သူတို့ကို သတ်သွားတဲ့လူတွေကို ဓာတ်ပုံရိုက်ထားကြတယ်လို့ ယုံကြည်ကြတယ်။ ပြီးရင် နောက်မြွေတစ်ကောင်က ပြန်လက်စားချေတယ်တဲ့။ လူ့သမိုင်းမှာ ဒုက္ခပေးပြီးရင် သမိုင်းမှတ်တမ်း မကျန်ရအောင် အာဏာရှင်နဲ့ အပေါင်းအပါတွေဟာ တတ်နိုင်သမျှအားထုတ်တတ်ကြတယ်။

ဒီပေါ့ဒ်ကတ်စ်မှာ နားထောင်သူဟာ ဓာတ်ပုံတစ်ပုံရဲ့ သမိုင်းကိုပြောမှု၊ စစ်ဒဏ်သင့် အရပ်က လူငယ်တွေရဲ့ ကြိုးပမ်းနေမှုတွေ၊ အလင်း/အမှောင်ဆန်တဲ့ တော်လှန်ရေးထဲက ဘဝတွေကို မှတ်တမ်းယူရင်း ကြုံတွေ့ခံစားရတဲ့ သတင်းဓာတ်ပုံသမားတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ကြားသိခွင့်ရမှာဖြစ်ပါတယ်။

နာဂစ်မုန်တိုင်း အချိန်ကာလ စစ်တပ်ရဲ့ ဖွက်ထားတဲ့ မြေပြင်က ဖြစ်စဥ်တွေကို ဓာတ်ပုံခိုးရိုက်ခဲ့တဲ့ ကိုရဲအောင်သူဟာ အခု ၂၀၂၅ မှာ ဂုဏ်သိက္ခာကြီးမားသော World Press ရဲ့ Photo Stories Award Winner ဆု အပါအဝင် အခြားသော ပြည်တွင်းပြည်ပ အသိမှတ်ပြုမှုတွေ အများကြီးကို ရရှိခဲ့ပါတယ်။ ဒီနေ့ဒီအချိန်မှာတော့ ကိုရဲအောင်သူဟာ ကမ္ဘာ့မြင်ကွင်းထဲ မြန်မာပြည်ရဲ့ အလင်းအမှောင်ဘဝတွေကို အခက်အခဲတွေကြားကနေ သက်စွန့်ဆံဖျား အရောက်ပို့ပေးနေဆဲဖြစ်ပါတယ်။

ကိုရဲအောင်သူရဲ့ အားထုတ်မှုတွေကို လေးစားဂုဏ်ယူသောအားဖြင့် BPN ဝိုင်းတော်သားတွေဟာ Limited Podcast Series ဖြစ်တဲ့ 90 Minutes with Ye Aung Thu ပေါ့ဒ်ကတ်စ်ကို ဂုဏ်ယူစွာဖြင့် သောတရှင်တွေဆီ တင်ဆက်သွားမှာပါ။ စောင့်မျှော်နားထောင်ကြမယ်လို့ မျှော်လင့်ပါတယ်။

အသက်ဓါတ်နဲ့ ရင်းရတဲ့အခါ

အတွဲလိုက်ထုတ်တဲ့ စာအုပ်တွေလို ခေါင်းစဉ်တပ်ရမယ်ဆိုရင်တော့ ဒီအပိုင်းဟာ 90 Minutes with Ye Aung Thu Podcast ရဲ့ တတိယပိုင်း (ဇာတ်သိမ်း) ပေါ့။

ဒီအစီအစဉ်ကို စပြီးပူးပေါင်းဆောင်ရွက်ကြကတည်းက ကိုယ်သိတာ၊ မသိတာ၊ မရှင်းတာတွေ အကုန်ရောမေးကြ၊ ကိုရဲအောင်သူက စိတ်ရှည်ရှည်နဲ့ ဖြေပေးရင်း အပိုင်းသုံးပိုင်းစာထိ ချဲ့ထွင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီ့အတွက် နားဆင်ကြသူတွေအဖို့ အများကြီးအကျိုးပွားမယ်၊ ကျေလည်းကျေနပ်ကြမယ်လို့ BPN ကယုံကြည်နေပါတယ်။

အခုဇာတ်သိမ်းပိုင်းမှာလည်း စစ်အတွင်းနဲ့ အကြပ်တည်းကာလတွင်းတွေမှာ အသက်ဓါတ်ကို ဉာဏ်ကူဆွဲဆန့်ပြီးတော့ မှတ်တမ်းယူနေကြတဲ့ စစ်အတွင်းသတင်းထောက်တွေ၊ ဓါတ်ပုံဆရာတွေရဲ့ စွန့်စားရုန်းကန်ကြရပုံတွေကို အက်ရှင်များများနဲ့ ကြားကြရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *