90mins with Ye Aung Thu

Hosted ByYe Aung Thu

ငယ်ငယ်က မြွေတစ်ကောင်ကို သတ်ပြီးရင် ခေါင်းကိုဖြတ်ပြီး မြှုပ်ပစ်ကြရတယ်။ အထူးသဖြင့် မြွေဟောက်လိုမျိုး အဆိပ်ပြင်းတဲ့ မြွေမျိုးဆိုရင် နယ်ဖက်မှာ အခုထိ ခေါင်းကိုဖြတ် မြေမြှုပ်ပစ်လိုက်တတ်တယ်။ ဒီကောင်တွေက သူတို့ကို သတ်သွားတဲ့လူတွေကို ဓာတ်ပုံရိုက်ထားကြတယ်လို့ ယုံကြည်ကြတယ်။ ပြီးရင် နောက်မြွေတစ်ကောင်က ပြန်လက်စားချေတယ်တဲ့။ လူ့သမိုင်းမှာ ဒုက္ခပေးပြီးရင် သမိုင်းမှတ်တမ်း မကျန်ရအောင် အာဏာရှင်နဲ့ အပေါင်းအပါတွေဟာ တတ်နိုင်သမျှအားထုတ်တတ်ကြတယ်။

ဒီပေါ့ဒ်ကတ်စ်မှာ နားထောင်သူဟာ ဓာတ်ပုံတစ်ပုံရဲ့ သမိုင်းကိုပြောမှု၊ စစ်ဒဏ်သင့် အရပ်က လူငယ်တွေရဲ့ ကြိုးပမ်းနေမှုတွေ၊ အလင်း/အမှောင်ဆန်တဲ့ တော်လှန်ရေးထဲက ဘဝတွေကို မှတ်တမ်းယူရင်း ကြုံတွေ့ခံစားရတဲ့ သတင်းဓာတ်ပုံသမားတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ကြားသိခွင့်ရမှာဖြစ်ပါတယ်။

နာဂစ်မုန်တိုင်း အချိန်ကာလ စစ်တပ်ရဲ့ ဖွက်ထားတဲ့ မြေပြင်က ဖြစ်စဥ်တွေကို ဓာတ်ပုံခိုးရိုက်ခဲ့တဲ့ ကိုရဲအောင်သူဟာ အခု ၂၀၂၅ မှာ ဂုဏ်သိက္ခာကြီးမားသော World Press ရဲ့ Photo Stories Award Winner ဆု အပါအဝင် အခြားသော ပြည်တွင်းပြည်ပ အသိမှတ်ပြုမှုတွေ အများကြီးကို ရရှိခဲ့ပါတယ်။ ဒီနေ့ဒီအချိန်မှာတော့ ကိုရဲအောင်သူဟာ ကမ္ဘာ့မြင်ကွင်းထဲ မြန်မာပြည်ရဲ့ အလင်းအမှောင်ဘဝတွေကို အခက်အခဲတွေကြားကနေ သက်စွန့်ဆံဖျား အရောက်ပို့ပေးနေဆဲဖြစ်ပါတယ်။

ကိုရဲအောင်သူရဲ့ အားထုတ်မှုတွေကို လေးစားဂုဏ်ယူသောအားဖြင့် BPN ဝိုင်းတော်သားတွေဟာ Limited Podcast Series ဖြစ်တဲ့ 90 Minutes with Ye Aung Thu ပေါ့ဒ်ကတ်စ်ကို ဂုဏ်ယူစွာဖြင့် သောတရှင်တွေဆီ တင်ဆက်သွားမှာပါ။ စောင့်မျှော်နားထောင်ကြမယ်လို့ မျှော်လင့်ပါတယ်။

ဓါတ်ဆရာပေးတဲ့ အိမ်စာများ

90 mins with Ye Aung Thu ဒုတိယပိုင်း လာပါပြီ။

မျှော်ရကျိုးနပ်တဲ့ အပိုင်းတစ်ခု ဖြစ်ပါလိမ့်မယ်။ ဓာတ်ပုံဆရာလူငယ်ဘဝနဲ့ ရန်ကုန် ကြက်/ဘဲ စျေးထဲက ကြက်သားသည် ရေထိုးနေတာ ရိုက်မိလို့ အဖြဲခံရတာ၊ ကမ္ဘာ့အားကစားပြိုင်ပွဲတွေမှာ ဓာတ်ပုံရိုက်တတ်ရုံနဲ့ မပြီးဘဲ ကစားနည်းမျိုးစုံရဲ့ စည်းကမ်းတွေ လိုက်လေ့လာရတာ၊ မြန်မာပြည်နိုင်ငံရေးမှာ ဓာတ်ဖမ်းဆရာတွေ ပါးရည်နပ်ရည်မရှိရင် အကွဲအပြဲထဲ ပဲလှော်ကြား ဆားညှပ်တတ်တဲ့ ကိစ္စတွေထိ ဆရာသမားက အားပါတရ ဝေမျှထားတာ နားဆင်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *