ရွေ့ပြောင်းသွားလာဤလူ့ရွာ

Hosted ByKo Mg & Ma Soe

လူသားမျိုးနွယ်ဟာ အစဉ်သဖြင့် ရွေ့ပြောင်းသွားလာခဲ့ကြပါတယ်။ ရေကြည်ရာမြက်နုရာဘဝ၊ လှည်းနေလှေအောင်းဘဝမှသည် ကျားဖြန့်ခေတ်အထိ တိုက်ကြီးတစ်ခုကတစ်ခု၊ အင်ပါယာတစ်ခုကတစ်ခု၊ နိုင်ငံတစ်ခုကတစ်ခုဆီ ရွှေ့ပြောင်းသွားလာခဲ့ကြပါတယ်။ ဒီဖက်ခေတ်မှာတော့ သမိုင်းဦးကလို မြေတစ်ကွက်စိုက်မကောင်းလို့ နောက်တစ်ကွက်ဓါးမဦးချစိုက်သလို မရိုးရှင်းတော့။ စီမံခန့်ခွဲတဲ့အုပ်ချုပ်ရေးပုံစံတွေ အများကြီးပြောင်းလဲခဲ့ပြီးပါပြီ။

ရွှေ့ပြောင်းသွား‌လာမှု‌ကြောင့် အကောင်းဖက်ကပြောင်းလဲမှုတွေရှိခဲ့တယ်ဆိုရပေမဲ့ အဆိုးဖက်ကပြောင်းလဲမှုက တစ်ဆုပ်ကြဲ တစ်လှည်းယူဆိုသလို ပိုများပါတယ်။ အုပ်ချုပ်ရေးစနစ်တွေထူထောင်ပြီးတဲ့အခါ အုပ်စိုးသူတွေက လူသားတွေကို ခေတ်အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ကျွန်ပြုအမြတ်ထုတ်မှုတွေ အတင်းအဓမ္မ ရွှေ့ပြောင်းစေတာတွေ ယခုထက်တိုင်ရှိနေဆဲဖြစ်ပါတယ်။ နောင်လည်း ဆက်ကြုံကြဦးမှာပါ။

ဒီကြားထဲ မြန်မာပြည်တကျော့ပြန်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်အာဏာရှင်တွေရဲ့ရက်စက်မှု၊ စီးပွားရေး၊ နိုင်ငံရေးအမြတ်ထုတ်မှုတွေကြောင့် အသက်နဲ့ရင်းပြီး လူသန်းချီရွေ့ပြောင်းသွားလာနေကြရပါတယ်။ ဒီအကြောင်းကြောင့် နောက်ဆက်တွဲဂယက်တွေရှုပ်ထွေးပွေလီစွာကျန်ရှိနေသလို စီမံခန့်ခွဲကြပုံတွေကလည်း အလွန်င‌တေဆန်လှပါတယ်။ မြန်မာပြည်သူတွေရဲ့ ပြည်တွင်း၊ ပြည်ပရွေ့ပြောင်းသွားလာရတာဟာ ကိုယ့်ဆန္ဒနဲ့ကိုယ် "ရွှေ့ပြောင်း"သွားလာကြရတာမဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်တဲ့ကိစ္စတွေက ရွှေ့လိုက်လို့ ရွေ့သွားရတဲ့ "ရွေ့ပြောင်း"သွားလာရသူတွေသာဖြစ်ပါတယ်။

BPN အနေနဲ့ ရွေ့ပြောင်းသွားလာခြင်းကိစ္စ၊ ပြည်ပဝင်ငွေကို အဓိကညှစ်ယူခံနေရသလို အစိုးရပေါင်းများစွာ၊ ကုမ္ပဏီပေါင်းများစွာရဲ့ ခေါင်းပုံဖြတ်ခံ‌ ရွေ့ပြောင်းအလုပ်သမားတွေအကြောင်းကိုတင်ဆင်ဖို့ ပြင်ဆင်နေတာ ကြာခဲ့ပါပြီ။ ဒီစိတ်ကူးကိုအကောင်ထည်ဖော်ဖို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေကြတဲ့ တတ်သိနားလည်သူ မိတ်ဆွေတွေရဲ့ အကူညီပေါင်းများစွာရယူခဲ့ရပါတယ်။ အဲ့ဒီပုဂ္ဂိုလ်အားလုံးကို ကျေးဇူးဥပကာရများစွာတင်ရှိပါတယ်။ ဒီပေါ့ဒ်ကတ်စ်ကို အဓိကတင်ဆက်မှာက အလုပ်သမားအရေးဆောင်ရွက်ပေးကြတဲ့ ကိုမောင်နဲ့ မစိုးတို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ထိုင်းနိုင်ငံတွင်းရွေ့ပြောင်းလုပ်သားတွေအကြောင်း အမြဲပြောဆိုဆွေးနွေးလေ့ရှိကြသူ၊ အလုပ်သမားအရေးမှာတက်ကြွသူတွေ၊ လူမှုဘဝပုံစံမျိုးစုံမှာပျော်ဝင်လှုပ်ရှားကြသူတွေပါ။ ဒီလိုအမြဲဆွေးနွေးနေကြတဲ့သူတို့ဆီကို မိုက်တွေတပ်၊ ကင်မရာတွေချိန်၊ သက်ဆိုင်ရာရုပ်သံမှတ်တမ်းတွေရိုက်ယူပြီး ဗွီဒီယိုပေါ့ဒ်ကတ်စ်အဖြစ် ထုတ်လွှင့်လိုက်ပါတယ်။

EP02: ရွေ့ပြောင်းသွားလာဤလူ့ရွာ (Migrant Podcast)

ရွေ့ပြောင်းသွားလာဤလူ့ရွာ – အပိုင်း (၂)

ရွေ့ပြောင်းလုပ်သားတွေအကြောင်း၊ ရွေ့ပြောင်းသွားလာနေရတဲ့ မြန်မာတို့ရဲ့အကြောင်း ဗွီဒီယိုပေါ့ဒ်ကတ်စ်လုပ်နေတာ အပိုင်း (၂) ကိုရောက်လာပါပြီ။
အစီအစဉ်ရဲ့ အဓိကတင်ဆက်သူတွေဖြစ်တဲ့ ကိုမောင်နဲ့ မစိုးတို့နှစ်ယောက် “ရွေ့ပြောင်းသွားလာ ဤလူ့ရွာ” ဆိုတဲ့ခေါင်းစဉ်နဲ့အညီ မအားတဲ့ကြားက သွားရင်းလာရင်း ပြောပြပေးနေကြတာပါ။ အခုလည်း ကိုမောင်တစ်ယောက် မစိုးကို ထမင်းစားဖိတ်ရင်း ဒီအကြောင်းတွေပြောကြဖို့ သွားကြိုတာကနေ အပိုင်း (၂) ဖြစ်လာတာပါ။ ဒါပေမဲ့ ဟိုဝင်ဒီဝင်နဲ့ အိမ်ရောက်တော့ ထမင်းချက်ဖို့အချိန်မကျန်တော့တာနဲ့ မှာပဲစားလိုက်ရပါတယ်။ ထမင်းစားပြီး နားပြီး သူတို့ပြောထားတာတွေကို BPN က တည်းဖြတ်ထားပါတယ်။ မိတ်ဆွေတို့အားလုံး အချင်းချင်း ကိုယ်ချင်းစာနိုင်အောင်၊ တချို့သိသယောင်ရှိတဲ့အချက်အလက်တွေကို တိတိပပ ပိုသိသွားအောင် အချိန်ရရင်အေးဆေးနားဆင်နိုင်ပါတယ်။

ဒီအပိုင်းမှာတော့ ရောပြွမ်းရွေ့ပြောင်းနေရတဲ့ မြန်မာပြည်သူတွေရဲ့အခြေအနေ၊ ခံစားချက်၊ ကလေးငယ်တွေရဲ့ ပညာရေးကိစ္စ၊ စစ်အာဏာရှင်စနစ်အပါအဝင် အလုပ်နယ်ပယ်တိုင်းက ခေါင်းပုံဖြတ်မှု၊ အလုပ်သမားရေးကျွမ်းကျင်သူတွေရဲ့ သုံးသပ်အကြံပြုချက်တွေ ဆွေးနွေးထားကြပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်