အထက်ဆင်

Hosted ByNyein Chan May

ဂလိုဘယ်လိုက်ဇေးရှင်း (သို့) ကမ္ဘာကြီးရဲ့ နယ်ပယ်မျိုးစုံ အရွေ့မှာ ကျွန်မတို့ရဲ့ မြန်မာပြည်ကြီးကျန်ခဲ့ပါတယ်။ ငါတော့ဖြင့် နောက်ကျမကျန်ခဲ့နိုင်ဘူးဆိုတဲ့ ဒရွတ်တိုက် ဆွဲပါသွားတဲ့ မြန်မာလူငယ်တွေက မြန်မာပြည်နဲ့ ကမ္ဘာကြီးကြား ပေါင်းကူးတံတားတွေပါပဲ။

ဒီလို ပေါင်းကူးနှီးနှောမှုတွေမှတစ်ဆင့် အင်တာနက်တောင် နပ်မမှန်တဲ့ နိုင်ငံကြီးရဲ့ လူငယ်တွေဟာ ကမ္ဘာကြည့် ကြည့်နိုင်၊ ပြောနိုင်၊ မြင်နိုင်မလား?
အမျိုးသမီးအခွင့်အရေး၊ တန်းတူညီမျှရေးကို အိပ်မက်ခွင့်ရှိကြဦးမလား?
လက်ရှိ ပြည်တွင်းရဲ့ နိုင်ငံရေး လူမှုရေးတွေမှာ ဖိုဝါဒီကြီးတဲ့ ကွန်ဆာဘေးတိုက်တွေရဲ့ အိုကြီးအိုမမျက်နှာတွေကို "အထက်ဆင်" Podcast က ငိုမဲ့မဲ့များဖြစ်သွားစေမလား?

မြန်ပြည်တလွှား Feminism လှုပ်ရှားမှုတွေရဲ့ ဦးစီးဦးဆောင်တွေကများ မျက်ခုံးပင့်ကြည့်ကြမလား? ဒါတော့ မိတ်ဆွေတို့ပဲ နားဆင်ကြည့်ကြပါတော့ရှင်။

အထက်ဆင် x ငါတို့လုံချည် ငါတို့အောင်ပွဲ

အထက်ဆင် | Special Episode

၂၀၂၁ မတ်လ ဝန်းကျင်ကစလို့ အမျိုးသမီးများရဲ့ ထမီကို လေပေါ်လွှင့်တင်ပြီး သပိတ်ထွက်လာတော့ စစ်မိစ္ဆာတွေကြောက်တယ်၊ ရှေးရိုးစွဲတွေက ခပ်တွန့်တွန့်လုပ်တယ်၊ ဘာသာရေးအစွန်းရောက်တွေ လန့်ကုန်ကြတယ်။ ထမီလောက်မကြီးပေမဲ့ သူ့ထက်တော့ ကွန်ဆာဗေးတိုက်တွေကို စိတ်ဒုက္ခပေးဖို့ မလျော့ပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ အထက်ဆင် ပေါ့ဒ်ကတ်စ်က မငြိမ်းချမ်းမေက “ငါတို့လုံချည် ငါတို့အောင်ပွဲ” လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ မသဇင်ညွန့်အောင် နဲ့ Burma Podcast Network ရဲ့အထက်ဆင် Podcast မှာ စကားပြောဖြစ်ခဲ့ကြပါတယ်။

မြန်မာပြည်တော်လှန်ရေးခရီးမှာ အမျိုးသမီးများရဲ့ ပါဝါ၊ အသိဉာဏ်နဲ့ အခန်းကဏ္ဍကို ပညာရပ်စကားလုံးတွေနဲ့ အနောက်တိုင်းဆန်ဖို့ မကြိုးစားဘဲ မြန်မာဟန်နဲ့ပဲ အနှီအမျိုးသမီးနှစ်ဦး ထိထိမိမိပြောချသွားလိုက်တာ စစ်တပ်ကို ထိတယ်၊ ဒီမိုကရေစီသူရဲကောင်းဇာတ်ရုပ်နဲ့ အမျိုးသမီးများကို ထိကပါးရိကပါး လုပ်ချင်တဲ့ သန္ဓေဆိုး တွေကို ထိတယ်၊ အမျိုးသမီးတွေကို ချောင်ထိုးချင်တဲ့ လူ့အဖွဲ့အစည်းကို ထိတယ်။ နားထောင်မိတဲ့ ပရိသတ်ကို ထိတယ်။

ဒီအပိုင်းကို မိတ်ဆွေတို့ရဲ့ သူငယ်ချင်းတွေကို ဝေမျှပါ၊ အဖိုးအဖွားနဲ့ ဝေမျှပါ၊ စစ်အုပ်စုရဲ့ ဝါဒမှိုင်းမိနေသူတွေနဲ့ ဝေမျှပါ၊ ချစ်သူရည်းစားနဲ့ ဝေမျှပါ၊ မိမိကိုယ်တိုင်ရဲ့ စိတ်နှလုံးသားနဲ့ ဝေမျှပါ။
Spotify, Apple Podcasts, InforMM app နဲ့ Burma Podcast Network YouTube channel တွေမှာ နားသောတဆင်နိုင်ပါပြီ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်