ရေဘေးသင့်ခြင်း
မုန်တိုင်းက အခြားနိုင်ငံတွေကိုလည်း ဖြတ်သွားပေမယ့်
အနှစ် ၆၀ကျော် အကုသိုလ်တွေကတော့
ကမ္ဘာပေါ်က မြေနိမ့်ရာ နိုင်ငံတစ်ခုဆီကိုပဲ စုပြုံပြီး စီးဝင်လာတယ်။
ငါတို့ရဲ့ အတိတ်ကံကတော့ မဆလနဲ့ နဝတခေတ်ဖြစ်ပြီး
၂၀၀၈မှာကတည်းက ငါတို့ တခါသေဖူးပြီးသား။
ငယ်ငယ်တုန်းက မြန်မာ့ရုပ်မြင်သံကြားထဲမှာတော့
ရေက တခါမှ မကြီးခဲ့ဖူးသလိုပဲ၊
မရှိတော့တဲ့ ဒီရေတောနဲ့ သစ်တောတွေကို စေတီအဆူဆူနဲ့ ကာလိုက်တယ်။
ပျောက်ကွယ်သွားတဲ့ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းက ရွာတွေဆိုတာ
ပေါ်လစီကားတွေမှာ ပါလေ့မရှိတော့
နဂိုကတည်းက တည်ရှိမှန်းလည်း ဘယ်သူမှ မသိခဲ့ပါဘူး။
အခုတော့ တောင်ပေါ်တွေရော အညာတွေရော စေတီတွေရော
မုန်တိုင်းနဲ့အဝေးကြီးမို့ စိတ်ချလက်ချအိပ်စက်နေသူတွေရဲ့
အိမ်ထဲအထိပါ ရေက ဝင်လာနေခဲ့ပြီ။
ခုနစ်လွှာက လူငယ်တစ်ယောက်တောင် ရေစီးနဲ့ မျှောပါပြီး
ချင်းမိုင်ရောက်လိုရောက်
ကွန်ဒိုနဲ့နေတဲ့ လုပ်ငန်းရှင်တစ်ယောက်လည်း ရေစီးနဲ့ ပါသွားပြီး
စစ်ကြောရေးကို ရောက်လိုရောက်
ရိုးရှင်းတဲ့ ကျေးလက်ဘဝမှာပဲ အေးအေးဆေးဆေးနေတော့မယ်ဆိုတဲ့
ရွာလေးလည်း မြေပြိုတဲ့အထဲ ပါသွားပြီ။
ရေဘေးသင့်နေသူတွေဟာ ဘာသာရေးတရားခွင်က ပြစ်ဒဏ်ကြောင့်
နှစ်ခါသေနေရတယ်။
ဝေသာလီပြည်ထဲ ဝင်လာတဲ့ ဘီလူးက ဆရာတော်ဘုရားကိုယ်တိုင်ပဲဆိုတာ
လူငယ်တွေက အနံ့ခံမိသွားတယ်။
ဒီကာလမှာ သူတို့တတွေအားလုံး မိဂဒဝုန်ထဲ ရောက်နေတဲ့ ကောင်တွေချည်းပဲလေ။
သုံးနှစ်အတွင်းမှာ အားလုံး ဆူးခက်သရဖူတွေ ကိုယ်စီနဲ့ပဲလေ။
ရေက မြို့နေကလေးတွေရဲ့ခေါင်းထဲမှာပါ စီးဝင်နေတော့
တော်လှန်ရေးကလည်း တောထဲမှာလောက်ပဲ မဟုတ်ဘူး။
ငါ ဒုက္ခခြေကျင်းတန်းလန်းနဲ့ ဖြစ်တုန်းကတော့ စိတ်ငြိမ်ဆေးတစ်ကဒ်ကို
ပါဠိစာသားတွေနဲ့ ရေးထားတဲ့ စာအုပ်ထက် ပိုယုံကြည်ဖူးတယ်။
အခုလည်း ကိုယ်တိုင် ရေထဲမျှောနေရာကနေ
ရေနစ်နေသူကို လှမ်းကယ်နေသူတွေ ငါမြင်နေရတယ်။
ငါ သူတို့ အရေပြားကို မမြင်ဘူး၊
ငါ မြင်တာ မြန်မာတစ်ယောက်က မြန်မာတစ်ယောက်ကို ကယ်နေတာ။
ငါ့လူငယ်ဘဝမှာတင် ရေဘေးအတွက် ဗော်လန်တီယာလုပ်ဖူးတာ အကြိမ်ကြိမ်၊
ငါလှူသလို နိုင်ငံတော်ကလည်း ရေဘေးဆို ဘုရားဆင်းတုတွေပါ
ပျော်ပျော်ကြီး လှူကြတယ်၊
လှူချင်လွန်းလို့ နောက်နှစ်တွေမှာ ကပ်မဆိုက်မှာကိုတောင်
သူတို့ စိုးရိမ်ပူပန်ကြတယ်။
သူတို့ တိုက်လေယာဉ်တွေနဲ့
တိုင်းပြည်ကို အပေါက်တွေ မပြတ်ဖေါက်ပေးဆဲပဲ။
ရေကြီးနေတဲ့ ဗီဒီယိုအောက်မှာ
မီးလောင်နေတဲ့ စစ်ရှောင်စခန်း ဗီဒီယို တက်လာတယ်။
ကဗျာဆရာတွေလည်း ဒုက္ခဝဲဂယက်ထဲ
ရွှံ့နွံလို အထပ်ထပ်ဖြစ်နေတဲ့ နိမိတ်ပုံတွေကို မနည်းရွေးထုတ်နေရပုံပဲ။
ရေဘေးအလှူခံနေတဲ့ ဘယ်သူမှလည်း We are the world ကို မဆိုတော့ဘူး။
ကမ္ဘာကြီးနဲ့ သူတို့ အဝေးကြီးမှန်းလည်း သိသွားကြပြီ။
အေအိုင်ကတော့ မြန်မာ့ရုပ်မြင်သံကြားနဲ့ ပြောင်းပြန်
ငါတို့နိုင်ငံကို မီးလောင်နေတဲ့ တဲအိမ်တွေ အဖြစ် သိထားတယ်။
ငိုယိုပြေးလွားနေတဲ့ ကလေးတွေအဖြစ် သိထားတယ်။
(မြန်မာကလေးတွေရဲ့မျက်နှာကိုတော့ မြင်ဖူးပုံမရလို့ ထိုင်းကလေးတွေ မျက်နှာပဲ ထည့်လေ့ရှိတယ်)
ပြီးတော့ အလွန်အကျွံရွှေရောင်သန်းနေတဲ့ စေတီတွေ ရှိရာအရပ်အဖြစ် သိထားတယ်။
လူမှုကွန်ယက်ကြောင့် လူမျိုးရေးပြဿနာတက်တဲ့ နိုင်ငံအဖြစ် အထူး သိထားတယ်။
ကမ္ဘာကြီးရဲ့ မျက်လုံးထဲမှာတော့ ငါတို့အားလုံး ဘာနားနားတွေ ဖြူဖြူထွေးတွေချည်းပဲ။
ဘာတတ်နိုင်မလဲ
ရေပြန်ကျသွားတဲ့ တစ်နေ့တော့ အားလုံး အရှိအတိုင်း တွေ့ရမယ်။
ဒီမြေပေါ်မှာ လက်သီးဆုပ်ထားတဲ့ အရိုးစုတွေ၊
အမြဲတမ်းပူနွေးနေမယ့် ကျည်ခွံတွေ၊
ဂရင်းကင်ညွန်ချောက်နက်တမျှ စိတ်ဒဏ်ရာတွေနဲ့
အဖြစ်အပျက်တွေ စီထပ်ထားတဲ့ ပိရမစ်ကြီးတွေ၊
ကြေကွဲလွမ်းဆွတ်ဖွယ်အပြည့်နဲ့ တာ့ချ်မဟာတွေ
ဓမ္မနဲ့ အဓမ္မ နယ်မြေကို ပြတ်ပြတ်သားသားပိုင်းခြားထားတဲ့
လူငယ်တွေရဲ့အသက်တစ်ခုစီနဲ့ တည်ဆောက်ခဲ့သော မဟာတံတိုင်းကြီးတစ်ခု
ပြီးတော့ ကမ္ဘာကြီးကို လှောင်ရယ်နေမယ့် ဝိညာဉ်တွေ၊
ပြီးတော့ သင်တို့ စိုက်ပျိုးခဲ့သမျှ လွတ်လပ်ငြိမ်းချမ်းသော တောအုပ်လည်း မပါမဖြစ်ပေါ့။
လောလောဆယ် ရေပြန်မကျသရွေ့တော့ ရေတွေသာ ငါ မြင်နေရတယ်။
အိပ်မက်ထဲအထိ စီးဝင်နေတဲ့ ရေတွေ။
M.Y.P