Podcast For Change

Hosted ByBPN

Podcast For Change အစီစဥ်မှာ တင်ဆက်သွားမှာတွေက တော်လှန်ရေးမဟုတ်သလို၊ ​နိုင်ငံရေးလည်း မဟုတ်ပါဘူး။ လူမှုဘဝကို ရှေးရှုသော အကြောင်းအရာများ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး (၄) နှစ်အတွင်း မြန်မာနိုင်ငံသူ/သားများရဲ့ လူမှု့ဘဝ နိမ့်ပါးလာမှုအပေါ် ဝိုင်းဝန်းအဖြေရှာကြဖို့အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူ၊ အတွေ့အကြုံများပြားသူတွေရဲ့ အကူညီကို ရယူပြီး ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။

အခု Podcast For Change ဆိုတဲ့အစီအစဥ်က တင်ဆက်မယ့်အကြောင်းအရာတွေက Entertainment ဆိုတဲ့ ဖျော်ဖြေရေးသဘောထက် လူမှုရေးနီတိအရ လိုအပ်နေတဲ့ တာဝန်ထမ်းပိုးဖို့ ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ နားဆင်သူများရဲ့ လူမှုဘဝ နိမ့်ပါးယုတ်လျော့လာခြင်း ကပ်ဘေးကို ကျော်လွှားနိုင်ဖို့ တစ်စိတ်တစ်ဒေသ အထောက်ကူပြုနိုင်ရန် BPN က ရည်ရွယ်ထုတ်လွှင့်တာပါ။

ပုပ်ဖရန်စစ် – သာတူညီမျှရေးအတွက်အာဏာကိုအသုံးချသူ

ကမ္ဘာကြီးမှာ ဩဇာအာဏာကို မှန်မှန်ကန်ကန် အသုံးချတာထက် မလျော်ဩဇာအဖြစ်သုံးတဲ့ ဥပမာတွေက များပါတယ်။ လူလူချင်း သာတူညီမျှမှုအတွက် ရုန်းကန်တိုက်ပွဲဝင်နေကြတဲ့ ကာလတလျှောက်လုံးကို ကြည့်မယ်ဆို လျော်ကန်တဲ့ အာဏာကျင့်သုံးဖို့အတွက် တိုက်ပွဲဝင်ကြရတာလည်း တိုက်ပွဲအကြောင်းအရာတစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးအာဏာ၊ လူမှုရေးပါဝါ၊ ဘာသာရေးဩဇာတွေဟာ ထိန်းရခက်တဲ့စိတ္တဇနာမ်တွေဖြစ်တဲ့အခါ ဒါတွေကို ကိုင်တွယ်ကျင့်သုံးသူတွေမှာ ကြီးလေးတဲ့ စိတ်ပိုင်းဆိုင်ရာ ပိုင်းဖြတ်မှုတွေ လိုအပ်တာ သဘာဝပါပဲ။ ရာစုသစ်တွေရောက်လာပေမဲ့ ဘာသာရေးဩဇာကတော့ အာဏာတစ်ခုအဖြစ် ကျန်တုန်းဖြစ်ပါတယ်။ နိုင်ငံရေး၊ လူမှုရေးလုပ်သူတွေအနေနဲ့ ဘာသာရေးတစ်ခုခုအပေါ် သက်ဝင်ယုံကြည်မှုရှိနိုင်တော့ ယေဘုယျကြည့်ရင်တောင် ဘာသာရေးဩဇာအာဏာဟာ အလွန်အင်မတန် စောင့်ထိန်းမှုတွေလိုအပ်လေ့ရှိပါတယ်။

အဲ့ဒီဘာသာရေးဩဇာအာဏာကို ကိုင်စွဲပြီး လူ့အဖွဲ့အစည်းသာတူညီမျှရေးရှိဖို့ လှည့်လည်ဟောပြောသူ၊ ကိုယ်တိုင်ကျင့်သုံးသူ တစ်ဦးရှိခဲ့ပါတယ်။ သူက ၂၁ ရာစုရဲ့ ပထမဆယ်စုနှစ်စွန်းမှာ ဗာတီကန်မြို့ပြနိုင်ငံရဲ့ အချုပ်ခြာအာဏာပိုင်၊ ကက်သလစ်ခရစ်ယာန်သာသနာမှာဥသျှောင်၊ ယေရှုခရစ်တော်ရဲ့ ကိုယ်စားလှယ်လိုမျိုး သတ်မှတ်ခံရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဖြစ်ပါတယ်။ သူဟာ ၂၀၁၃ မှာ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၂၅ ခုနှစ်ရဲ့ ဧပြီလမှာ ပျံလွန်တော်မူသွားခဲ့ပါပြီ။ လူ့အဖွဲ့အစည်းအတွင်း မညီမျှမှုတွေကို လျော့နည်းပပျောက်ဖို့ အဆောင်ယောင်နည်းစွာနဲ့ ရိုးရှင်းလှတဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါးရဲ့ အားထုတ်မှု၊ အမည်ခံမဟုတ်တဲ့ အံ့အားသင့်ဖွယ် ရာထူးတာဝန် ခွဲဝေချထားမှုတွေကို ဒီအပိုင်းမှာ နားဆင်ကြရမှာဖြစ်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်